ပွင့်ဖြူမြို့နယ် စံပြကျေးရွာ၌ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန် အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ပို့ချ

ပွင့်ဖြူ ဩဂုတ် ၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ စံပြကျေးရွာတွင် မင်းဘူးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အိမ်တွင်းမှုအခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါ ကျေးရွာရှိ ရွာလယ်ဓမ္မာရုံ၌ ကျင်းပသည်။

ဦးစွာ မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စုစုခိုင်က ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် မင်းဘူးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စိုးစိုးစံက အခြေခံစက်ချုပ်သင်တန်းတွင် ပို့ချသင်ကြားပေးမည့် သင်ခန်းစာများနှင့် လိုက်နာရမည့် သင်တန်းစည်းကမ်းချက်များ၊ သင်တန်းမှရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ သင်တန်းဖွင့်လှစ်သင်ကြားပေးမှုအပေါ် သင်တန်းသားများကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးချစ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ တက်ရောက်လာကြသူများက သင်တန်း၌ အသုံးပြုမည့် အထောက်အကူပြုပစ္စည်း စီစဉ်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

ယခု ဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းသို့ ပွင့်ဖြူမြို့နယ်အတွင်း ခေတ်မီစံပြကျေးရွာအဖြစ် ဖော်ဆောင်လျက်ရှိသည့် စံပြကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာမှ စုစုပေါင်း သင်တန်းသားဦးရေ ၁၅ ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းကာလမှာ တစ်လကြာ စာတွေ့လက်တွေ့အခမဲ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခြေခံစက်ချုပ်သင်တန်းကို ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး၊ ယင်းသင်တန်းပြီးဆုံးပါက မွမ်းမံသင်တန်း(၁၅)ရက်ကြာ ထပ်မံဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် မွမ်းသင်တန်းဖွင့်လှစ်သင်ကြားပြီးချိန်၌ သင်တန်းသား(၁၅)ဦးအနက်မှ လက်တွေ့လုပ်ငန်းထူထောင် လုပ်ကိုင်ဆောင်ရွက်မည့် သင်တန်းသား(၅)ဦးအား အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းသားတစ်ဦးလျှင် ငွေကျပ်(၁၀)သိန်းနှင့် ညီမျှသော စက်ချုပ်လုပ်ငန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စိုးစိုးစံ က ပြောကြားသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)