မကွေး သြဂုတ် ၂
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ သြဂုတ် ၂ ရက်နေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် မြောက်မုန်းမြောင်းမကြီးပေတိုင်(၉၇၀၀၀)ရှိ အလိုအလျောက်အမြင့်ရေတင်စနစ် (Water Turbine Pump) ပြန်လည်ပြုပြင်ခြင်းနှင့် အသစ်တစ်လုံး ထပ်မံတည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ တောင်သူများနှင့် တွေ့ဆုံခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ မြောက်မုန်းမြောင်းမကြီး၏ ပေတိုင်(၉၇၀၀၀)ရှိ အလိုအလျောက်အမြင့်ရေတင်စနစ် (Water Turbine Pump) ပြန်လည်ပြုပြင်ခြင်းနှင့် အသစ်တစ်လုံး ထပ်မံတည်ဆောက်ခြင်းလုပ်ငန်းနှင့် မိုးစပါးဧက(၁၆၀) စိုက်ပျိုးရေပေးဝေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(လျှပ်စစ်)ရုံး၊ ရေအားလျှပ်စစ်ဌာနခွဲ တာဝန်ရှိသူများမှ Hydro-powered Turbine Pump အသုံးပြုခဲ့သည့် သက်တမ်းအရ စက်ပစ္စည်းအစိတ်အပိုင်းများ ပွန်းစားပျက်စီးခြင်း၊ အလိုအလျောက်အမြင့်ရေတင်စနစ် (Water Turbine Pump) အဓိကအစိတ်အပိုင်းများ ပြုပြင်ခဲ့မှုအခြေအနေများနှင့် အသစ်တစ်လုံး ထပ်မံတည်ဆောက်ခြင်းလုပ်ငန်း အခြေအနေများ ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံတောင်သူများအား ပွင့်ဖြူမြို့နယ် မဲဇလီဆည်ရေသောက်၊ မြောက်မုန်းမြောင်းမကြီးပေတိုင် (၉၇၀၀၀)ရှိ အလိုအလျောက် အမြင့်ရေတင်စနစ် (Water Turbine Pump)အား လွန်ခဲ့သော နှစ်ပေါင်း(၄၀)ကျော်က စတင်တည်ဆောက်ခဲ့ကြောင်း၊ တည်ဆောက်ပြီးခါစအချိန်က လယ်မြေဧက(၁၂၀)ခန့်အား ရေပေးဝေနိုင်ခဲ့ပြီး၊ ယခုအခါ နှစ်ကာလကြာမြင့်လာသည့်အတွက် Water Turbine Pumpမှာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများဖြစ်ပေါ်၍ ရေပေးဝေမှုရပ်တန့်၍ ပြန်လည်ပြုပြင်ရခြင်းများ မကြာခဏပြုလုပ်ပေးနေရသည့်အတွက် ရေတင်နိုင်အား ကျဆင်းလာပြီး ဧက(၇၀)ခန့်သာ တင်ပေးနိုင်ခဲ့ကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ (၁၉.၀၀)သန်းဖြင့် အဆိုပါ Water Turbine Pumpအား (၁.၆.၂၀၂၃)ရက်နေ့မှ စတင်ပြုပြင်ပေးခဲ့ပြီး (၂၅.၇.၂၀၂၃)ရက်နေ့တွင် ပြန်လည်တပ်ဆင်ပြီးစီးခဲ့ကြောင်း၊ ယခုအခါ (၃.၆) ကုဗပေ/စက္ကန့်အထိ ရေတင်ပေးနိုင်လာသည့်အတွက် စုစုပေါင်းဧက(၁၆၀)ခန့်အထိ ရေတင် စိုက်ပျိုးလာနိုင်ပြီဖြစ်ပါကြောင်း၊ အလိုအလျောက်အမြင့်ရေတင်စက် (Water Turbine Pump)စနစ်သည် အကျိုးဖြစ်ထွန်းမှုအား ကောင်းသည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရေတင်စိုက်ပျိုးမှု တိုးချဲ့နိုင်ရန် နောက်ထပ်အလိုအလျောက် အမြင့်ရေတင်စနစ်၏ ရေဝင်မြောင်း၊ ရေထုတ်မြောင်းနှင့် Water Turbine Pump အသစ်တစ်လုံး ပြုပြင်တပ်ဆင်ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်းဆောင်ရွက်ပြီးပါက နောက်ထပ်လယ်မြေဧက(၁၆၀)ခန့်အား ရေတင်ပေးနိုင်မည်ဖြစ်သည့်အတွက် စုစုပေါင်းဧက(၃၂၀)ခန့် ရေတင်စိုက်ပျိုးနိုင်မည်ဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့် မိုးစပါးများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး လက်ရှိစိုက်ပျိုးလျက်ရှိသည့် မျိုးများအစား အထွက်နှုန်းကောင်းသည့် ဆာဖိုးသာ၊ GW 11 စသည့် မျိုးများကို စိုက်ပျိုး ဆောင်ရွက်စေလိုကြောင်း၊ စပါးစိုက်ပျိုးရာမှာ ကွန်ပေါင်းဓာတ်မြေသြဇာကို အလွယ်သုံးစွဲနေကြသဖြင့် ငွေကုန်ကြေးကျများပြီး စိုက်စရိတ်မြင့်တက်လာခြင်းကြောင့် ကွန်ပေါင်းဓာတ်မြေသြဇာ တင်သွင်းမှုကိုလျှော့ချရန်နှင့် စပါးသက်တမ်းအလိုက် အမှန်တကယ်လိုအပ်သည့် အာဟာရကိုပေးစွမ်းနိုင်သည့် ဓာတ်မြေသြဇာ အမျိုးအစားများကိုသာ သုံးစွဲကြစေလိုကြောင်း၊ တောင်သူများစပါးစိုက်ပျိုးရာမှာ တိုက်ရိုက်အစေ့ချ စိုက်နည်းများထဲမှ ကျဲပက်စိုက်ပျိုးနည်းကို အသုံးမပြုဘဲ တိုက်ရိုက်မျိုးစေ့ချ ကိရိယာ(Drum Seeder)နည်း၊ (သို့မဟုတ်)တောက်တောက်ချစိုက်နည်း အတန်းလိုက်စိုက်နည်းကို စိုက်သင့်ပြီး အကျိုးကျေးဇူးတွေက အပင်ကြားအတန်းကြား အကွာအဝေးညီညာစွာ စိုက်ပျိုးထားခြင်းကြောင့် ကောက်ကွက်ဝင်ဆံ့မှု တိကျမှန်ကန်ပြီး ကြားပေါင်းလိုက်ရန်လွယ်ကူခြင်း၊ လေဝင်လေထွက် ကောင်းမွန်၍ သီးနှံဖြစ်ထွန်းမှု ပိုမိုကောင်းစေပြီး သီးနှံအထွက်နှုန်းတိုးစေခြင်း၊ ကုန်ကျစရိတ် သက်သာစွာဖြင့် ရာသီချိန်မီစိုက်ပျိုးနိုင်ခြင်းနဲ့ စိုက်ပျိုးချိန် ကောက်စိုက်သမရှားပါးမှု အခက်အခဲကို ဖြေရှင်းနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေကို တောင်သူဦးကြီးများ လက်တွေ့ ခံစားလာရမှာဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားကာ၊ ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက် တင်ပြဆွေးနွေးမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ တောင်သူဦးသန်းဝင်း၏ မိုးစပါးတိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်း (၇.၀၀)ဧကစံပြကွက်သို့ ရောက်ရှိပြီး စိုက်ကွင်းအတွင်း ၉” တန်းကြားစနစ်ဖြင့်စိုက်ပျိုးထားသည့် ဧရာမင်းမိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိစေရေး သဘာဝမြေသြဇာနှင့် ယူရီးယားဓာတ်မြေသြဇာ ရောစပ်ပက်ကျဲဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူဦးသန်းဝင်းအား စိုက်နည်းစနစ်မှန်ကန်စွာဖြင့် အပင်ကြား အတန်းကြား အကွာအဝေးညီညာစွာ စိုက်ပျိုးထားတဲ့အတွက် ကောက်ကွက်ဝင် ဆံ့မှုကောင်းမွန်၍ သီးနှံဖြစ်ထွန်းမှု ပိုမိုကောင်းစေကာ အထွက်နှုန်းတိုးတက်စေမှာဖြစ်ကြောင်း အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
မောင်ညီညာ