ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲကျင်းပ၊ ရေဘုတ်ရေလှောင်တမံ ရေပြည့်အမှတ်ထက်ကျော်လွန်နေမှုအား ကြည့်ရှု စစ်ဆေး

ဘားအံ ဩဂုတ် ၂

၂၀၂၃ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ် အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်ခန့်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါပြိုင်ပွဲသို့ ပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ ပြိုင်ပွဲဝင် ပြေးခုန်ပစ်အသင်း (၇) သင်း အမျိုးသား၊အမျိုးသမီးအားကစားသမားပေါင်း ၂၁၀ ဦးဝင်ရောက် ယှဉ်ပြိုင်ကြကာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိုးလွင်က ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်တီးခတ်ကူညီ ပေးသော ဘင်ခရာအဖွဲ့နှင့်ပန်းပွားအဖွဲ့တို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပြိုင်ပွဲအားကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားဝါသနာ ရှင်များက အမျိုးသမီး မီတာ(၁၀၀)x(၄)လက်ဆင့်ကမ်းအပြေးပြိုင်ပွဲနှင့် အမျိုးသား မီတာ(၁၀၀)x(၄) လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် ယနေ့နံနက်တိုင်းထွာချက်များအရ သံလွင်မြစ်ရေသည် ဘားအံမြို့၌ ၇၃၂ စင်တီမီတာသို့ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာသို့ ကျော်လွန် ရောက်ရှိနိုင်သည့်အတွက် ဘားအံမြို့၊ ကမ်းနားလမ်းနှင့် ဘီအိုစီလမ်း ထောင့်တွင် သံလွင်မြစ်ရေမြင့်တက်လာမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း ရပ်ကွက်၊ကျေးရွာများတွင် နေထိုင်ကြသူများအား အထူးသတိပြု နေထိုင်ကြရန် အသိပေးနိုးဆော်နိုင်ရေးနှင့် လိုအပ်ပါက အရေးပေါ်ရွှေ့ပြောင်းနေရာ ချထားပေးနိုင် ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာအနီးရှိ ရေဘုတ်ရေလှောင်တမံတွင် တမံရေပြည့်အမှတ်ထက် ရေကျော်နေမှုအခြေအနေ အား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရေလှောင်တမံရှင်းလင်းဆောင်၌ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးသန်းဦးက နေ့ရက်များအလိုက် မိုးရွာသွန်းမှုအခြေအနေနှင့် ရေလှောင်တမံရေပိုလွှဲမှ ၂ ဒဿမ ၅ ပေ ရေကျော်နေမှုအခြေအနေ၊ တမံမြေသားကြံ့ခိုင် ကောင်းမွန်မှု၊ ဆက်စပ်ရေအားအဆောက်အဦများကောင်းမွန်မှု၊ တမံရေစိမ့်နှုန်းတိုင်းတာမှုအချက် အလက်များအား ပုံမှန်တိုင်းတာစစ်ဆေးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က အရေးပေါ်အခြေအနေကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်ရမည့် ကြိုတင်စီမံခန့်ခွဲမှုလုပ်ငန်းများကို  စနစ်တကျ လိုက်နာဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေဘုတ်ရေလှောင်တမံပေါ်ရှိ ရေစိမ့်နှုန်းတိုင်းတာသည့် v-Notch များ Pressure relief well များ၊ ရေထုတ်ပြွန်ရေတံခါးနှင့် ရေပိုလွှဲနှစ်ခုမှ ရေကျော်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည် များလမ်းညွှန်မှာကြားခဲ့သည်။

အလားတူ ဝါတွင်းကာလ ဝါဆို၊ဝါကပ်တော်မူကြမည့် ဆရာတော်၊ သံဃာတော်များ ဆွမ်းကိစ္စ ခက်ခဲပင်ပန်းမှု မရှိစေရေးအတွက် ကရင် ပြည်နယ်အစိုးရအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ဗုဒ္ဓဘာသာနွယ်ဝင် စေတနာရှင်၊အလှူရှင်များ ပူးပေါင်း၍ ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့) ဩဂုတ်လ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့ ကျက်သရေဆောင် သေဋ္ဌမာရ်အောင်ဘုရားကြီး၌ (၂၄)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆင်ယင်ကျင်းပခဲ့သည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော်တရားသူ ကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘားအံမြို့ပေါ်နှင့် ပတ်ဝန်းကျင် ဒေသများမှ စေတနာရှင်အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များက ဘားအံမြို့ပေါ်နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဘုန်းတော်ကြီးကျောင်း(၇၃)ကျောင်း၊ သီလရှင် ကျောင်း(၁၉)ကျောင်းမှ သံဃာတော်၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၃၀၂၃ ပါးတို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆေး၊ ဆား၊ ခေါက်ဆွဲခြောက် အစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)