ဘိုကလေးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော နေအိမ်များအတွက် ထောက်ပံ့

ဘိုကလေး ဩဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အေးရွာကျေးရွာအုပ်စု၊ အေးရွာကျေးရွာတွင် ဇူလိုင်(၃၀)ရက်နေ့တွင် လေပြင်းတိုက်ခတ် ကာ သစ်ပင်ပြိုလဲ၍ လူနေအိမ်(၂)လုံး ပျက်စီးခဲ့ပြီး အလားတူ ဇူလိုင်(၃၁)ရက်နေ့တွင်လည်း သဇင်ငူကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာတွင် လေပြင်းတိုက်ခတ်ကာ သစ်ပင်ပြိုလဲ၍ လူနေအိမ်(၁)လုံး ပျက်စီးခဲ့သဖြင့် ယနေ့ နေ့လယ် (၁)နာရီခွဲအချိန်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပျက်စီးခဲ့သည့်လူနေအိမ်(၃)လုံးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ထောက်ပံ့မှုများ ဆောင်ရွက်ခဲ့သည်။

ထောက်ပံ့ရာတွင် ပျက်စီးမှုအခြေအနေအလိုက် ဇူလိုင်(၃၀)ရက်နေ့တွင် ပျက်စီးခဲ့သော အေးရွာကျေးရွာအုပ်စုမှ ဦးသောင်းအေး၏ နေအိမ် အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၁)သိန်းနှင့် မိသားစုဝင် (၂)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၄၂၀၀)ကျပ်၊ ဦးလှအေး၏ နေအိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ်(၂)သိန်းနှင့် မိသားစုဝင် (၅)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ (၁၀၅၀၀)ကျပ်၊ ဇူလိုင်(၃၁)ရက်နေ့တွင် ပျက်စီးခဲ့သော သဇင်ငူကျေးရွာအုပ်စုမှ ဦးကျော်သူ၏ နေအိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၁)သိန်းနှင့် မိသားစုဝင် (၆)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၁၂၆၀၀)ကျပ်တို့အား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အတူ နေအိမ်ပျက်စီးသူ ကာယကံရှင်များ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)