ကျောက်တံခါးမြို့နယ်တွင် လေးပြင်းများတိုက်ခတ်မှုကြောင့် လူနေအိမ် (၁၁)လုံး ပြိုလဲပျက်စီး၍ ဘုန်းတော်ကြီးကျောင်း (၂)ကျောင်း အမိုးလန်  ပျက်စီးမှုဖြစ်ပွားခဲ့

ကျောက်တံခါး  ဩဂုတ်  ၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်း ယနေ့ နံနက်(၇)နာရီအချိန်က လေပြင်းများတိုက်ခတ်မှုကြောင့် မီးတိုင်တော ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၃)ရွာတွင် လူနေအိမ် (၁၁)လုံး ပြိုလဲပျက်စီး၍ ဘုန်းတော်ကြီးကျောင်း (၂)ကျောင်း အမိုးလန်  ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ လေပြင်းများတိုက်ခတ်မှုကြောင့် ကျောက်တံခါးမြို့နယ် မီးတိုင်တော ကျေးရွာအုပ်စုအတွင်း၌ မီးတိုင်တော ကျေးရွာတွင် လူနေအိမ် (၁)လုံး ပြိုလဲပျက်စီး၍ ဘုန်းကြီးကျောင်း (၂)ကျောင်း အမိုးလန် ပျက်စီးပြီး ၊ အာရ်နီးကျေးရွာတွင် လူနေအိမ် (၈)လုံး ပြိုလဲပျက်စီးကာ  ညောင်သပြေကျေးရွာတွင် လူနေအိမ် (၂)လုံး ပြိုလဲပျက်စီးခဲ့သဖြင့်  လူနေအိမ်(၁၁)လုံး နှင့် ဘုန်းကြီးကျောင်း (၂)ကျောင်း စုစုပေါင်း(၁၃)လုံး ပျက်စီးမှုများဖြစ်ပွားခဲ့သည်။

 အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုများ တစ်စုံတစ်ရာမျှမရှိကြောင်းနှင့် လေဘေးသင့်ပြည်သူများအား    မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့မှုများ အမြန်ဆုံးပေးအပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။

မြို့နယ် (ပြန်/ဆက်)