ပင်လည်ဘူး အောက်တိုဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အိမ်ခြေ ၁၀၀ အထက်ရှိ ကျေးရွာများကို ငွေကျပ် သိန်း ၃၀၀၊ အိမ်ခြေ ၅၀နှင့် ၁၀၀ ကြားရှိကျေးရွာများကို ငွေကျပ် သိန်း ၂၀၀၊ အိပ်ခြေ ၅၀ အောက်ရှိ ကျေးရွာကို ငွေကျပ်သိန်း ၁၀၀ ကျပ်ဖြင့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ ်ဦးစီးမှူး ဦးသက်ထွန်းဇော်နှင့်ဝန်ထမ်းအဖွဲ့သည် ယမန်နေ့က ဝါးဘိုးချောင်းကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ရောင်းဝယ်ရေးနှင့် အခြားလုပ်ငန်းများနှင့် စာရင်းဇယားများအား ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပင်လည်ဘူးမြို့နယ်တွင် ငွေကျပ်သိန်း ၃၀၀ ဖြင့် စီမံကိန်းလုပ်ငန်းများဆောင်ရွက်သည့် ကျေးရွာများမှာ တိုက်မွန်း ကျေးရွာ၊ သဒွတ် ကုန်းကျေးရွာ၊ ရွာသာယာကျေးရွာ၊ အင်္ကျီလက် ကျေးရွာနှင့် ပလူသာကျေးရွာတို့ဖြစ်ပြီး ငွေကျပ်သိန်း ၂၀၀ ဖြင့်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက် သည့်ကျေးရွာများမှာ ပန်းခူးကျေးရွာ၊ ပဒဲကောကျေးရွာနှင့် ဝါးဘိုးချောင်းကျေးရွာတို့ဖြစ်ကာ ငွေကျပ်သိန်း ၁၀၀ ဖြင့် စီမံကိန်းလုပ်ငန်း ဆောင်ရွက်သည့်ကျေးရွာမှာ ရွာရှည်ကျေးရွာတို့ဖြစ်ပြီး အဆိုပါကျေးရွာတို့တွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) လုပ်ငန်းများမှာ အဆင့်ပြေ အောင်မြင်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
မျိုးလွင်(ပင်လည်ဘူး)