ငပုတော သြဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ထူးခြားစွာကျင်းပလေ့ရှိသည့် လှိုင်းခုန်ပွဲတော်ကို သက္ကယ်သောင်ကျေးရွာ ပင်လယ်ကမ်းခြေ တစ်လျှောက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည့် ဝါဆိုလှိုင်းခုန်ပွဲတော်အား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ လှိုင်းခုန်ပွဲသို့ ယင်းကျေးရွာကမ်းခြေမှ ဒေသခံများအပြင် အနယ်နယ်အရပ်မှ လာရောက် ဆင်နွဲကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါဝါဆိုလှိုင်းခုန်ပွဲတော်အား ပင်လယ်ကမ်းခြေကျေးရွာများတွင် လည်းပြုလုပ်ပြီး သက္ကယ်သောင်ကျေးရွာတွင် အထူးစည်ကားပြီး နှစ်စဥ်ဝါဆိုလပြည့်ကျော် တစ်ရက်နေ့တိုင်း ကျင်းပပြုလုပ်ကြောင်း သိရသည်။
လှိုင်းခုန်ပွဲ မကျင်းမီတစ်ရက်အလိုဝါဆိုလပြည့် နေ့တွင်တွင်လည်း အနယ်အနယ်အရပ်ရပ်မှ ပွဲတော်လာရောက်သူများက သက္ကယ်သောင်ရွာနှင့် နီးစပ်ရာကျေးရွာများတွင် ကြိုတင်လာရောက်ကြပြီး အပန်းဖြေအနားယူကာ ချက်ပြုတ်စားသောက်ကြပြီးနောက် ရွာရှိနေအိမ်အချို့တွင် တစ်ညအိပ်တည်းခိုကာ နောက်တစ်နေ့ မနက်တွင် လှိုင်းခုန်ပွဲတော်ကို ပါဝင်ဆင်နွှဲ ကြကြောင်းသိရသည်။
လပြည့်ကျော် တစ်ရက်နေ့နံနက်ပိုင်းတွင် လှိုင်းခုန်ပွဲတော်ကို ကျင်းပကြပြီး ညနေပိုင်းတွင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအား ဝါဆိုပန်းဆက်ကပ် လှူဒါန်းရန်အတွက် သက္ကယ်သောင်ရွာထဲတွင် ပန်းလှည့်ပွဲတော်ကို ကျင်းပကြပြီးနောက် စေတီတော်နှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဝါဆိုပန်းဆက်ကပ်လှူဒါန်းသည့် ဓလေ့ရှိကြောင်းလည်း သိရသည်။
ဝါဆိုလှိုင်းခုန်ပွဲတော်ကို ဆင်နွှဲခြင်းအားဖြင့် လူအချင်းချင်း စည်းလုံးညီညွတ်မှူရရှိပြီး ရိုးရာယဥ်ကျေးမှူ ဓလေ့ဒေသပွဲတော် ထိန်းသိမ်းနိုင်မှာ ဖြစ်ကြောင်းသိရသည်။
အောင်သူ (ပြန်/ဆက် )