ကျိုက်လတ် သြဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ဇဝနဗုဒ္ဓ တက္ကသိုလ်ကျောင်းဝန်းရှိ ပညာဝေပုလ္လ ပိဋကတ်တိုက်တွင် ယမန်နေ့(ဒုတိယဝါဆိုလပြည့်) နေ့လယ်(၃)နာရီက ဇဝနဗုဒ္ဓ တက္ကသိုလ်၏ သတ္တမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး ဇဝနဗုဒ္ဓတက္ကသိုလ်နှင့် ဒက္ခိဏာရာမ ဒွါရစာသင်တိုက်တို့၏ အဓိပတိဖြစ်တော်မူသော ဆရာတော်ကြီး ဘဒ္ဒန္တဇဝနဝံသထံမှ သြဝါဒစကားနှင့် သင်္ကန်းလှူဒါန်းမှုအကျိုးတို့ကို နာယူခဲ့ကြသည်။ ထို့နောက် ဆရာတော်ကြီးနှင့် ကထိကဆရာတော်များ၊ သံဃာတော်များအား အလှူရှင်များက ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်၊ သံဃာတော်များက နှုတ်ကပတ်တော် မေတ္တာသုတ်ပရိတ်တော်ကို ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။ အခမ်းအနားတွင် ဇဝနဗုဒ္ဓ တက္ကသိုလ်နှင့် ဒက္ခိဏာရာမ ဒွါရစာသင်တိုက်တို့၌ ဝါဆိုဝါကပ်တော်မူကြမည့် စာချ၊ စာသင်ဆရာတော်၊ သံဃာတော်အပါး(၁၂၀) ကျော်တို့အတွက် ဝါဆိုသင်္ကန်း (၃၀၀)ကျော်ကို အလှူရှင်များက စုပေါင်း၍ ဆက်ကပ် လှူဒါန်းခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ဒေါ်ရီရီမြင့်
ကျိုက်လတ် (ပြန်/ဆက်)