ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ရပ်ရွာအခြေပြု အမျိုးသမီးဝတ်(အခြေခံ) အပ်ချုပ်သင်တန်းဖွင့်ပွဲကျင်းပ

ထန်းတပင်(ပဲခူး) သြဂုတ် ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (တောင်ငူ)တို့ ပူးပေါင်း လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီ အချိန်က ရပ်ရွာအခြေပြု အမျိုးသမီးဝတ်(အ​ခြေခံ) အပ်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် တောင်ငူခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးက အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း(တောင်ငူ)မှ ကျောင်းအုပ်ကြီး ဒေါ်ဌေးဌေးမြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်ထောက်ကူပစ္စည်းများကို တာဝန်ရှိသူများက သင်တန်းသူများထံသို့ ပေးအပ်ပြီး နည်းပြများက စတစ်ကော်လံအင်္ကျီ၊ ဂျပန်ရင်ဖုံး၊ ဂျပန်လည်ထောင်၊‌ လေးလွှာစကတ်နှင့် ကုတ်အင်္ကျီ အမျိုးမျိုးတို့အား ဘာသာရပ်များအလိုက် စာတွေ့ လက်တွေ့သင်ကြားပြပေးသွားမှာ ဖြစ်သည်။

အဆိုပါသင်တန်းသို့ သင်တန်းသူ(၂၅)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဩဂုတ်လ(၂ ) ရက်‌နေ့မှ(၃၁)ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အပ်ချုပ်သင်တန်းတွင် ချုပ်ထည်များကို လက်ရာသေသပ်လှပစွာဖြင့် အပ်ချုပ်နိုင်သည့် အကောင်းဆုံး ဆုရရှိသူတစ်ဦးအား အပ်ချုပ်စက်အစုံ တစ်လုံးဂုဏ်ပြုပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးမြင့်ထံမှသိရသည်။

မြို့နယ်( ပြန်/ဆက်)