ဖလမ်း ဩဂုတ် ၂
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) အထိမ်းအမှတ် ဗောဓိညောင်ပင် စိုက်ပျိုးပူဇော်ခြင်းနှင့် စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဓမ္မစကြာခါတော်နေ့ အထိမ်းအမှတ်အဖြစ် နံနက် ၉ နာရီအချိန်က ဖလမ်းမြို့၊ တလန်လိုရပ်ကွက်၊ ဇမ္ဗူအေးစေတီတော် ပရဝုဏ်အတွင်း ဆရာတော်သံဃာတော်များ၊ ဖလမ်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ညီညီအောင်နှင့် အဖွဲ့ဝင်များက ဗောဓိညောင်ပင်အား စိုက်ပျိုးခဲ့ကြသည်။
ဆက်လက်၍ နံနက် ၁၀ နာရီအချိန်က ဖလမ်းမြို့၊ ဗလိုင်ရပ်ကွက်၊ သာသနာပြု ဗဟိုကျောင်းတိုက်တွင် ဌာနဆိုင်ရာ ဗုဒ္ဓဘာသာဝင်များ၊ ဒေသခံဗုဒ္ဓဘာသာဝင်များ၏ ဖလမ်းမြို့နယ်အတွင်းရှိ သာသနာပြုဝါဆို သံဃာ (၈)ပါးတို့အတွက် စုပေါင်းဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ဆက်လက်ကျင်းပသည်။
ရှေးဦးစွာ နမောတဿ မဟာပဏာမဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး တစ်မိုင်သာသနာပြုဌာန၊ လက်ထောက်သာသနပြု ဆရာတော် ဘဒ္ဒန္တ ပညာဇောတ (သာသနတက္ကသီလမဟာဓမ္မစရိယ၊ M.A Buddhism) ထံမှ (၈)ပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက်ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရစ္ဇျာယ်တော်မူကြသည့် ပရိတ်တရားတော်များ နာယူကြည်ညိုပူဇော်ကြပြီး ဖလမ်းခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် အဖွဲ့ဝင်များက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက် တစ်မိုင်သာသနာပြုဌာန၊ လက်ထောက်သာသနပြုဆရာတော် ဘဒ္ဒန္တပညာဇောတ (သာသနတက္ကသီလ မဟာဓမ္မစရိယ၊ M.A Buddhism) ထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှတန်းပေးဝေကြကာ အခမ်းအနားကို ရုပ်သိမ်းပြီး ဆရာတော်သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အခမ်းအနားသို့ ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဗုဒ္ဓဘာသာဝင်များ၊ ဒေသခံဗုဒ္ဓဘာသာဝင်များ တက်ရောက်ကြည်ညို ပူဇော်ခဲ့ကြကြောင်း သိရသည်။
ရဲမြင့်အောင်