ဟင်္သာတ ဩဂုတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်များတွင် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ဝါဆိုလပြည့် (ဓမ္မစင်္ကြာအခါတော်နေ့) ဒုတိယဝါဆိုလပြည့်နေ့၌ တန်ခိုးကြီးဘုရားများနှင့် ဘုန်းတော်ကြီး ကျောင်းများတွင် ယနေ့နံနက်ပိုင်းမှစတင်၍ ဘုရားဖူးများ၊ ဥပုလ်သီလဆောက်တည်သူများ၊ ဝါဆိုသင်္ကန်းကပ်လှူသူများဖြင့် စည်ကားလျက်ရှိသည်။
ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး၌ဝါဆိုလပြည့် ဓမ္မစကြာနေ့တွင် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးတိုင်များ ကောင်းမှုကုသိုလ်ပြုသူများဖြင့် အထူးစည်ကားလျက်ရှိပြီး ယနေ့မွန်းတည့် ၁၂ နာရီအချိန်မှစတင်၍ ပရိတ်တော်အဖွဲ့ ၁၃ ဖွဲ့က ဓမ္မစကြာသုတ်ကို ညနေ ၇ နာရီအချိန်ထိ အလှည့်ကျရွတ်ဖတ်ပူဇော်မည်ဖြစ်ပြီး ကျန်မြို့နယ်များတွင်လည်း ဘုရားနှင့်မိမိတို့ဒေသရှိ ဓမ္မာရုံများတွင်လည်း သက်ဆိုင်ရာပရိတ်အသင်းများ၊ ဝတ်ရွတ်အသင်းများကလည်း ရွတ်ဖတ်ပူဇော်သွားကြမည်ဖြစ်သည်။
အဆိုပါ ဘုရားများနှင့်ဘုန်းတော်ကြီးကျောင်းများသို့ ဒေသနေပြည်သူ ဗုဒ္ဓဘာသာဝင်များက ဝါဆိုလပြည့်နေ့ (ဓမ္မစင်္ကြာအခါတော်နေ့)တွင် ဥပုလ်သီလဆောက်တည် ကုသိုလ်ယူသူများ၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ကုသိုလ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်းနှင့် အဆိုပါ ကုသိုလ်ယူသူများအား အလူရှင်များမှ စတုဒီသာများဖြင့် ပြန်လည်ကျွေးမွေး လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)