ရွှေဘိုမြို့နယ်အတွင်း မိုးစပါးစိုက်ဧက (၁၀၅,၉၉၁) စိုက်ပျိုးပြီးစီးပြီဖြစ်၊ ယခင်နှစ်ထက် စိုက်ဧက (၁၆၀၀) ကျော်လျော့နည်း

ရွှေဘို အောက်တိုဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်း  မိုးစပါးစိုက်ဧက(၁၀၅၉၉၁)စိုက်ပျိုးပြီးစီးကာ ယခင်နှစ်ထက် စိုက်ဧက (၁၆၀၀) ကျော် လျော့နည်းခဲ့ကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ရွှေဘိုမြို့နယ်အတွင်းရှိ မိုးစပါး စိုက်ဧက ယခင်နှစ်အောက်လျော့နည်းရခြင်းမှာ မိုးစပါး စတင်စိုက်ပျိုးချိန်၌ သဖန်းဆိပ် ဆည်ရေ လက်ကျန်လျော့နည်းနေခြင်းနှင့် မိုးကောင်းသောက် ဒေသတွေမှာ မိုးရွာသွန်းမှုလျော့နည်းတာကြောင့် ဖြစ်ကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်ဇာဇာမင်းထံက သိရှိရပြီး ဆည်ရေသောက်စနစ်ဖြင့် (၇၈၁၃၀) ဧက၊ စက်ရေ တင်စနစ်ဖြင့် (၂၄၀၂)ဧက၊ မြေအောက်ရေစနစ်ဖြင့် (၇၂၂၂)ဧက၊ မိုးကောင်းသောက်စနစ်ဖြင့် (၁၇၂၆၇)ဧက၊ ကံဖြူရေဟန့် မှ (၅၈၀)ဧကနှင့် ကိုးပင်ဆည် မှ (၃၉၀)ဧက စုစုပေါင်းစိုက်ဧက(၁၀၅၉၉၁)ဧကကို စိုက်နည်းစနစ်များ ဖြစ်သော SRI စနစ်ဖြင့်လည်ကောင်း၊ ကောက်စိုက်စက်ဖြင့် လည်ကောင်း၊ ပျိုးထောင်စိုက်နည်း စနစ်ဖြင့်လည်းကောင်း အသီးသီး စိုက်ပျိုးနိုင်ခဲ့ပြီး ရွှေဘိုပေါ်ဆန်းစပါးမျိုး (၉၂၈၇၃) ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီ၌ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက် နစ်နာမှုများ ရှိသည့်အပေါ် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် (CERP) ဖြင့် လယ်ယာကဏ္ဍ၏ မျိုးစေ့ ထုတ်လုပ်မှုတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး၊ စပါး မျိုးကောင်းမျိုးသန့်၊ မျိုးစေ့များ ပွားများ ထုတ်လုပ်နိုင်ပြီး တောင်သူများ အနေဖြင့် မျိုးကောင်းမျိုးသန့် ဖူလုံစွာ အသုံးပြုစိုက်ပျိုးနိုင်ရေးအတွက် ရည်ရွယ်၍ အရည်သွေးကောင်း ပေါ်ဆန်းရင်(ရွှေဘိုပေါ်ဆန်း)စပါးမျိုး မျိုးသန့်ပွားများ ထုတ်လုပ်သော တောင်သူများ၏ စိုက်ဧက(၁၈၅၀) အတွက် (CERP) အစီအစဉ်ဖြင့် နိုင်ငံတော်မှ တစ်ဧကလျှင် တစ်သိန်းငါး သောင်းငါရာ ကျပ်နှုန်းဖြင့်လည်ကောင်း၊ အခြားစပါးမျိုး ဧက(၁၀၀)အတွက် CERP) အစီအစဉ်ဖြင့် နိုင်ငံတော်မှ တစ်ဧကလျှင် တစ်သိန်းလေးသောင်းရှစ်ထောင်နှုန်းဖြင့် လည် ကောင်း အသီးသီးထောက်ပံ့ပေးခဲ့ပြီး စုစုပေါင်းမျိုးသန့် မျိုးစေ့ထုတ်(၁၉၅၀)ဧက စိုက်ပျိုးနိုင်ခဲ့သည်။

အဆိုပါ မိုးစပါးများ အောင်မြင်ဖြစ်ထွန်းရေးအတွက် စိုက်ဧကများတွင် မျိုးကွဲများပါဝင်မှု ရှိ/မရှိ၊ ပေါင်းမြက်ကင်းစင်မှု ရှိ/မရှိ၊ ပိုးမွှားရောဂါကျရောက်မှု ရှိ/မရှိနှင့် အခြားသီးနှံပင်များ ရောနှောပါဝင်မှု ရှိ/မရှိတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ စိုက်ပျိုးပညာပေးကွင်း ဝန်ထမ်းများမှ စိုက်ဧကများအတွင်း ကွင်းဆင်း ဆောင်ရွက်ပေးနေကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်ဇာဇာမင်း ကပြောကြားသည်။

ထွန်းမြင့်အောင်(ရွှေဘို)