လိပ်သိုမြို့ အ.ထ.က ကျောင်း၌ ကျောင်းသား/ကျောင်းသူ များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

လိပ်သို ဩဂုတ် ၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက် (၁၀:၀၀) နာရီအချိန်က ဒုတိယအကြိမ် Sino Pharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံရာတွင် လိပ်သိုတိုက်နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးပြီးမှသာ ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးစုရပ်၌ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများက ပူးပေါင်းကာ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် KG တန်းမှ GRADE-5 အထိ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၁၀) ဉီးကို ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသော ကျောင်းသား/ကျောင်းသူ များအား ဩဂုတ်လ (၄) ရက်နေ့တွင်  ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ခင်လေးနွယ်