ဘိုကလေး ဩဂုတ် ၂
ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သည့် ဝါဆိုလပြည့် ဓမ္မစကြာနေ့ ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ကျက်သရေဆောင် ရန်ပြေမာန်ပြေ အောင်စကြာ သမိုင်းဝင်စေတီတော်မြတ်ကြီးတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ပြည်သူများဖြင့် စည်ကားသည်။
စေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြသည့် ဘုရားဖူးပြည်သူများသည် ပန်း၊ ဆီမီး၊ ရေချမ်း၊ သစ်သီး၊ ဇာတပ္ပဝတ္ထုအစုစုအား လှူဒါန်း ပူဇော်ခြင်း၊ ညောင်ရေသွန်းလောင်း ပူဇော်ခြင်း၊ လိပ်စာ၊ ငါးစာကျွေး၍ ဒါနပြုခြင်းများဖြင့် ကုသိုလ်ယူ ဘာဝနာပွားများကြပြီး ဓမ္မစကြာရွတ်ဖတ် ပူဇော်သူများ၊ ပရိတ်၊ ပဌာန်း ရွတ်ဖတ်ပူဇော်ကြသူများဖြင့် လွန်စွာစည်ကားသိုက်မြိုက်ခဲ့ ကြောင်းနှင့် ဘုရားဖူးပြည်သူများအနေဖြင့် ရန်ပြေ မာန်ပြေ အောင်စကြာစေတီတော်မြတ်ကြီး ဝန်းအတွင်း၌ ပြိုကျပျက်စီးခဲ့သည့် တာဝတိံသာစေတီတော်မြတ်ကြီး ပြန်လည်တည်ဆောက်နိုင်ရေး အတွက် အလှူတော်ငွေများလည်း ထည့်ဝင်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)