ဇီးကုန်း ဩဂုတ် ၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ ကိုယ်တိုင်စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများ၏ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥ၊ အသားနှင့် အခြားဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံများအား ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာ(မြို့မ)ဈေးရှေ့၌ သက်သာသော ဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့သည်။
ဒေသခံပြည်သူများ သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးမျိုးသက်အောင်နှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများ စည်ပင်သာယာရေး အဖွဲ့ရုံးဝန်ထမ်းများ၊ ဌာနဆိုင်ရာများက ပူးပေါင်းကူညီဆောင်ရွက်၍ ဆန်၊ ဆီ၊ ကြက်ဥ၊ ကြက်သား၊ ဝက်သားနှင့်ဒေသထွက်အခြားဟင်းသီးဟင်းရွက်သီးနှံများအား ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်းနှင့် ပြည်သူများမှ ဝယ်ယူအားပေးလျက်ရှိပြီး၊ ပြင်ပ ပေါက်ဈေးထက် သက်သာသောကြောင့် များစွာအဆင်ပြေကြောင်း လာရောက်ဝယ်ယူသူများထံမှ သိရသည်။
ယနေ့တွင် ဆန်တစ်ပြည် ၂၄၀၀ ကျပ်၊ ဆီတစ်ပိဿာ ၅၆၀၀ ကျပ်၊ ကြက်သားတစ်ပိဿာ ၁၁၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာ ၁၄၀၀၀ ကျပ်၊ ကြက်ဥ တစ်လုံး ၂၀၀ ကျပ်နှင့် ဒေသထွက် ဟင်းသီး ဟင်းရွက်သီးနှံများအား ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)