ဟင်္သာတမြို့အကျဥ်းထောင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်အမှတ် (၅၁/၂၀၂၃) ဖြင့် အကျဥ်းသားအကျဥ်းသူ (၁၉၈) ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်

ဟင်္သာတ သြဂုတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဟင်္သာတမြို့၊ အကျဉ်းဦးစီးဌာနရှိ ဟင်္သာတ အကျဉ်းထောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၅၁/၂၀၂၃) အရ ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ အကျဉ်းသား/သူများအား လွှတ်ပေးသည့်အခမ်းအနားကို ယနေ့ နေ့လယ် ၁နာရီက အဆိုပါအကျဥ်းထောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုဗိုလ်မှူးကြီးနေလင်းအောင်၊ အတွင်းရေးမှူး ဒုရဲမှူးကြီးကျော်မြသန်း၊ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) အထိမ်း အမှတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားခြင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လူသားအရင်းအမြစ်များ မဆုံးရှုံးရအောင် ပြစ်ဒဏ်များမှလွှတ်ငြိမ်းခွင့်ပြု၍ လွှတ်ပေးခြင်းဖြစ်ကြောင်း၊ နောက်နောင် အလားတူဖြစ်စဥ်မျိုး မဖြစ်စေရေးဆောင်ရွက်ရန်နှင့် ထိုသို့နိုင်ငံရေးပြစ်မူများဖြစ်ပေါ်လာပါက ယခင်ပြစ်မူများပါ ထပ်မံခံစားရမည်ဖြစ်ကြောင်း၊ အသိတရားများရရှိပြီး မိမိနေထိုင်ရာဒေသအတွက် ကောင်းကျိုးများဆောင်ရွက်ကြရန်၊ နိုင်ငံတော်မှစေတနာ၊ မေတ္တာအရင်းခံပြီးလွှတ်ပေးခြင်းဖြစ်သဖြင့် ယခင်ပြုလုပ်ခဲ့သော လုပ်ရပ်များအားမေ့ထားပြီး ရှေ့လျှောက်ရမည့်ဘဝများအား အေးအေးချမ်းချမ်းဖြတ်သန်းသွားကြရန်၊ ဘဝမှာ လူသားတစ်ဦးအနေဖြင့် အမှားမကင်းနိုင်ကြောင်း ထိုအမှားများအား သင်ခန်းစာယူပြီး ပြင်ဆင်ကြရန်၊ လိမ်လိမ်မာမာဖြင့် ဘဝကိုတည်ဆောက်ကြရန် စသည့်ဖြင့်မှာကြားခဲ့ပြီးနောက် ယာယီဒုရဲမှူးကြီးကျော်မြသန်းမှ နိုင်ငံတော်မှလူသားအရင်းအမြစ်များ မဆုံးရှုံးအောင်လွှတ်ပေးခြင်းဖြစ်သောကြောင့် နိုင်ငံတော်၏စေတနာအား နားလည်ရမည်ဖြစ်ကြောင်း၊ နောက်နောင် ပြစ်မူများမဖြစ်ပွားစေရေး နေထိုင်ကြရန်၊ ရဲတပ်ဖွဲ့အနေဖြင့် ထောင်မှလွှတ်ပေးသူများအား စောင့်ကြည့်နေမည်ဖြစ်ကြောင်း၊ ဘဝကိုအေးချမ်းစွာဖြင့် နေထိုင်ကြရန် စသည်ဖြင့်လည်းကောင်း၊ အကျဥ်းဦးစီးဌာနမှဦးစီးအရာရှိ ဦးသန်းဇော်ဝင်းမှ ဘဝကိုအသစ်ကစရမည်ဖြစ်၍ လမ်းမှားကိုထပ်မရောက်စေပဲနေထိုင်ကြရန်၊ ထောင်ထဲတွင်နေထိုင်ခဲ့ရမူအား မိမိတိုအနေဖြင့် သိရှိပြီးဖြစ်၍ သင်ခန်းစာယူ၍မိသားစုများ အေးချမ်းစွာနေထိုင်ကြရန် စသည်ဖြင့်မှာကြားခဲ့သည်။

 ထို့နောက် ဟင်္သာတအကျဉ်းထောင် ထောင်ပိုင်ကြီးမှ အကျဉ်းသား/သူများအား ထောင်ထွက်လက်မှတ်နှင့် ထောက်ပံ့ကြေးများ ပေးအပ်ပြီးနောက် ဟင်္သာတ အကျဥ်းထောင်တွင် ရာဇသတ်ကြီးပုဒ်မ-၅၀၅-က(ခ) အမူများဖြင့် ပြစ်ဒဏ်ကျခံလျှက်ရှိသော ကျား (၁၄) ဦး၊ မ(၃)ဦး၊ ပေါင်း(၁၇)ဦး၊ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် ကျား(၂)ဦး၊ အခြားအမူမှ ကျား(၁၅၃)ဦး၊ မ(၂၆)ဦး၊ စုစုပေါင်း(၁၉၈)ဦး တို့အား ဟင်္သာတအကျဉ်းထောင်မှ လွှတ်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက် (ဟင်္သာတ)