ပြည် ဩဂုတ် ၂
ဝါဆိုလပြည့်(ဗုဒ္ဓနေ့) ယမန်နေ့ညနေ ၅ နာရီတွင် ပြည်မြို့လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော် မြတ်စွယ်တော်တိုက်၌ (၁၅)ကြိမ်မြောက် ဓမ္မစကြာအခါတော်နေ့ အခမ်းအနားကျင်းပသည်။
ဦးစွာ ဩဝါဒါစရိယဆရာတော်ကြီးများ အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က "နမောတဿ ဗုဒ္ဓပဏာမဂါထာတော်"သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား စတင်ဖွင့်လှစ်ပြီး ပြည်မြို့ ရွာဘဲတောင်ပေါ် ကျောင်းတိုက်ဆရာတော် ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက်ဩဝါဒစရိယဆရာတော်ကြီးများက မေတ္တသုတ်အစရှိသော ပရိတ်တရား တော်မြတ်များ ရွတ်ဖတ်သရဇ္ဈာယ် ချီးမြှင့်ပေးတော်မူကြပြီး ရွှေဆံတော် ဂေါပကအဖွဲ့ဝင် ဦးကြင်စိန်က ဓမ္မစကြာအခါတော်နေ့ အခမ်းအနား ကျင်းပရခြင်း အကြောင်း လျှောက်ထားတင်ပြသည်။
ယင်းနောက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦး၊ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဩဝါဒါစရိယဆရာတော်ကြီး(၉)ပါးထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုနှင့် ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ရွာဘဲတောင်ပေါ် ကျောင်းတိုက်ဆရာတော်ကြီးက အနုမောဒနာ တရားချီးမြှင့်တော်မူကာ ဝေနေယျသတ္တဝါ အပေါင်းတို့အား ရေစက်သွန်းချ အမျှပေးဝေကြသည်။
ဆက်လက်၍ ဓမ္မစကြာဒေသနာတော်ရွတ်ဆိုပူဇော်ပွဲကျင်းပရာ ပြည်မြို့ပေါ် ရပ်ကွက်များနှင့် ဌာနဆိုင်ရာဝတ်အသင်းအဖွဲ့များက ဓမ္မစကြာဒေသနာတော်ကို ပါဠိတော်ဖြင့် စုပေါင်းရွတ်ဆိုပူဇော်ကြသည်။ ပြည်ရွှေဆံတော် စေတီတာ်မြတ်ကြီး၌ ဓမ္မစကြာဒေသနာတော် ရွတ်ဆိုပူဇော်ခြင်းကို ဝါတွင်းသုံးလတာကာလပါတ်လုံး ဝတ်သင်းပေါင်း ၈၂ ဖွဲ့ဖြင့် ရက် ၉၀ ကြာ နေ့စဉ်နံနက်တိုင်း အလှည့်ကျ ရွတ်ဆို ပူဇော်ကြမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့တာဝန်ရှိသူများထံမှ သိရသည်။
ကိုဆက်(ပြန်/ဆက်)