လိပ်သိုမြို့၌ ဒေသထွက် ဖရုံညွန့်များ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

လိပ်သို ဩဂုတ်   ၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ဒေသနေပြည်သူများမှာ မိုးရာသီကာလ၌ မိုးရေကို အဓိကအားထား၍ စားဖိုဆောင်သီးနှံများကို မိသားစုစားသုံးရန်နှင့် အပိုဝင်ငွေရရှိရန် စိုက်ပျိုးကြရာ ယခုအခါ ဖရုံပင်များကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး ဖရုံအညွန့်များ ခူးယူရောင်းချခြင်းဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဒေသခံများမှာ မိမိတို့နေအိမ်ခြံဝင်းအတွင်းရှိ မြေလွတ်၊ မြေလပ်နေရာများတွင် မိုးဦးမကျမီ ဖရုံပင် များကို စိုက်ပျိုးကြကြောင်း၊ ဖရုံသီးမသီးမီ အပင်သန်သော ဖရုံပင်များမှ အညွန့်များကို ခူးယူပြီး တစ်စည်းလျှင် (၅၀၀) ကျပ်ဖြင့် ရောင်းချကြောင်း ဖရုံညွန့်၏ အရွက်နှင့်ပင်စည်မှာ ကြမ်းရှရှဖြစ်ပြီး ကြော်စား၍လည်းကောင်း၊ ဟင်းရည် သောက်၍သော် လည်းကောင်း ဒေသခံပြည်သူများ နှစ်ခြိုက်စွာ စားသုံးကြကြောင်း အမှတ် (၁) ရပ်ကွက်နေ ဖရုံပင်စိုက်ပျိုးသူ တစ်ဦးထံမှ သိရသည်။

ယခင်က တောင်ငူမြို့မှ မော်တော်ယာဉ်များ လာရောက်ရောင်းချသော ဖရုံညွန့်များကို ဝယ်ယူ၍ စားသုံးခဲ့ကြသော်လည်း ယခုကာလတွင် မိသားစုစားဝတ်နေရေး ချွေတာနိုင်ရန် ဖရုံပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြပြီး မိသားစုစားသုံးရန်အပြင် ပိုလျှံသော ဖရုံအညွန့်များကို ရောင်းချ ခြင်းဖြင့် မိသားစုစားဝတ်နေရေးကို အထောက်အကူ ပြုလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ်