နတ်မောက် ဩဂုတ် ၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူအများစုသည် မိုးဦးကျကာလတွင် တောတောင်များနှင့် မိမိတို့၏ နေအိမ်ခြံဝင်းများ၌ သဘာဝအလျောက်ထွက်ရှိသော ရာသီစာမှိုများ ရှာဖွေရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း မှိုရောင်းချသူများထံက သိရသည်။
ဒေသနေပြည်သူအများစုသည် မိုးဦးကျကာလတွင် တောတောင်များအတွင်းရှိ မြေလွတ်မြေရိုင်များ၊ ဉယျာဉ်ခြံမြေများနှင့် နေအိမ်ခြံဝင်းများတွင် သဘာဝအလျောက်ထွက်ရှိသော မှိုများကို အုပ်စုလိုက် လိုက်လံရရှာဖွေကြပြီး ရရှိသည့်မှိုများအား တစ်နေ့စာ မိသားစုစားသုံးရန် အနည်းငယ်ချန်ထား၍ ရပ်ရွာထဲသို့ လိုက်လံရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိပြီး တောင်ပို့မှို၊ ကျဉ်းမှို၊ မြမှို၊ မှိုကြက်တောင်၊ ဝါးရုံမှိုတို့အား တစ်ပိဿာလျှင် ကျပ် ၁၀၀၀၀ မှ ၁၂၀၀၀ထိ ဈေးနှုန်းသတ်မှတ်ပြီး ရောင်းချရကြောင်း၊ မှိုများသည် ပေါက်ရောက်လေ့ရှိသည့် နေရာများ၌ နှစ်စဉ်ပေါက်တတ်ကြောင်း၊ ထို့ကြောင့် မှိုရှာဖွေ ရောင်းချသူများသည် မိမိတို့တွေ့ရှိတတ်သည့် နေရာများကို မှတ်ထားလေ့ရှိကြောင်း မှိုရှာဖွေသူ ကိုမောင်ခိုင်က ပြောသည်။
မူမူစန်း