တနင်္သာရီ ဩဂုတ် ၁
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၅၁/၂၀၂၃) ဖြင့် အကျဥ်းထောင်/အချုပ်ထောင် စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျှက်ရှိသော အကျဥ်းသား/အကျဥ်းသူ (၇၇၄၉) ဦး တို့အား ရာဇကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုသည့်အနက်မှ တနင်္သာရီတိုင်းဒေသကြီး - တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု ထုံခါးကျေးရွာ အခြေ စိုက် ဆင်ဖြူရှင်စိုက်ပျိုးမွေးမြူရေးနှင့် သက်မွေးမှု အတတ်သင်စခန်းမှ လွတ်မြောက်သည့် အကျဥ်းသား (၁၆) ဦးအား လွတ်ပေးသည့် အခမ်းအနားကို ဩဂုတ်လ ၁ ရက်နေ့ (၁၃၈၅) ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့) မွန်းလွဲ ၁ နာရီ ၄၅ အချိန်က ၎င်းစခန်းရုံးအတွင်း ကျင်းပပြုလုပ်ရာ ဆင်ဖြူရှင်စခန်း တာဝန်ခံ ထောင်ပိုင် ဦးဇေယျာလင်း ဒုတိယစခန်းတာဝန်ခံ ဒု-ကြီးကြပ်ရေးမှူး ဦးကောင်းမြတ်အောင်နှင့် ဝန်ထမ်းများ၊ ယနေ့ လွတ်မြောက်သည့် အကျဥ်းသားများ တက်ရောက်ခဲ့ကြောင်း သိရှိရသည် ။
အခမ်းအနားတွင် ဆင်ဖြူရှင်စခန်း တာဝန်ခံဦးစီးအရာရှိ ဦးဇေယျာလင်းက လွှတ်မြောက်အကျဥ်းသားများအား ယခုကဲ့သို့ နိုင်ငံတော်၏ လွှတ်ငြိမ်းချမ်းသာအမိန့်ဖြင့် လွတ်မြောက်ပြီးနောက် မိမိမိသားစုနှင့်အတူ ကောင်းမွန်စွာနေထိုင်ပြီး အကျဥ်းထောင်များသို့ ပြန်လည်မရောက်စေရေးအတွက် အသိသတိဖြင့် နေထိုင်ကြရန် မိမိတို့ဘဝကို ယခုထက် ကောင်းမွန်စွာ ပြန်လည်တည်ဆောက်၍ မိမိတို့၏ မိဘမိသားစုများ စိတ်ချမ်းသာစေရေး နေထိုင်ပြီး ဘဝအားအသစ်တစ်ဖန် ပြန်လည်တည်ဆောက်ကြရန် အားပေးအမှာစကား ပြောကြားသည်။
ထို့နောက် ဆင်ဖြူရှင်စခန်းတာဝန်ခံ ဦးစီးအရာရှိ ဦးဇေယျာလင်းနှင့် တာဝန်ရှိသူဝန်ထမ်း များမှ လွတ်မြောက်အကျဥ်းသား (၁၆) ဦးတို့အား ခရီးစရိတ်တစ်မိုင်လျှင် (၃၅) ကျပ်နှုန်းဖြင့် (၄၁၅၁၀) ကျပ်၊ လွတ်လူစားစရိတ် ကျသင့်ငွေ (၁၆၀၀၀) ကျပ်နှင့် လုပ်ငန်းရန်ပုံငွေမှ လုပ်အားရှင် အကျိုးခံစားခွင့် တစ်ရက်လျှင် (၂၅၀) ကျပ်နှုန်းဖြင့် ငွေ (၆၈၃၅၀၀)ကျပ်၊ သို့ပါ၍ စုစုပေါင်းငွေ (၇၄၁၀၁၀) ကျပ်ကို ခွဲဝေပေးပြီး ထောင်လွှတ်လက်မှတ်နှင့် ကျန်းမာရေးကောင်းကြောင်း ထောက်ခံချက်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်တို့ကို ထုတ်ပေးကာ တမုတ်ချုံးအုပ်စု-ရေဖြူကျေးရွာရှိ မော်တော်ယာဥ်ဂိတ်သို့ စခန်းပိုင် ယာဥ်ဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း