ဒုတိယအကြိမ် မဲဆန္ဒရှင်အမည်စာရင်းကြေငြာထားမှုအား တိုင်းဒေသကြီး၊ခရိုင်၊ မြို့နယ် ကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး 

ပဲခူး အောက်တိုဘာ ၁၄ 

ပဲခူးမြို့နယ် ဘုရားကြီးမြို့ရှိ ရပ်ကွက်၊ကျေးရွာ ရွေးကောက်ပွဲကော်မရှင်ရုံးခွဲများတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ ဒုတိယ အကြိမ် အမည်စာရင်းကြေညာထားမှုအား တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ ပူးပေါင်း၍ ယမန်နေ့ နံနက်(၁၀)နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြသည်။
စစ်ဆေးကြည့်ရှုရာတွင် တိုင်း၊ခရိုင်၊မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့တာဝန်ရှိသူများက ပဲခူးမြို့နယ် ဘုရားကြီးမြို့ရှိ ရပ်ကွက်ကျေးရွာကော်မရှင်ရုံးခွဲများတွင် ဒုတိယအကြိမ် မဲဆန္ဒရှင် အမည်စာရင်းကြေငြာထားမှုအား လိုက်လံကြည့်ရှုကြပြီး ရပ်ကွက်၊ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ ကြိုတင်မဲပေးခြင်း ဆိုင်ရာ ကိစ္စရပ်များ၊ မသန်စွမ်းသူများ၏ ဆန္ဒမဲပေးရာတွင် ကူညီဆောင်ရွက်ရန် ကိစ္စရပ်များ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်များပါရှိမှုရှိမရှိကို ကာယကံရှင်ကိုယ်တိုင် လာရောက် ကြည့်ရှုရန် အတွက် လိုက်လံနှိုးဆော်ပေးရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ မဲပေးခွင့် မဆုံးရှုံး စေရေးနှင့် မဲစာရင်းတွင် မပါဝင်သင့်သူများပါဝင်မှုမရှိစေရေးတို့ကို သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများနှင့်အညီ အချိန်မီပြီးစီးအောင်ဆောင်ရွက်သွားကြရန် လမ်းညွှန် မှာကြားခဲ့ကြသည်။ 
ပဲခူးမြို့နယ်တွင် ရပ်ကွက်၊ကျေးရွာအုပ်စု (၁၀၆)ခုရှိပြီး မဲရုံပေါင်း(၂၀၆)ရုံရှိကာ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ၃၉၆၇၁၁ ဦးရှိပြီး တိုင်းရင်းသားဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၁၆၃၉ ဦး ရှိကာ ပုံစံ(၃)က ဖြင့်လျှောက်ထားသူ ၃၂၀ ဦးကျော်ခန့်၊ ပုံစံ(၄)ဖြင့်ကန့်ကွက်သူ ၂၀၀ ဦးခန့်ရှိပြီး ပုံစံ(၄)ဂ ဖြင့်လျှောက်ထားသူ ၇၃၀ ဦးကျော်ရှိကြောင်းသိရသည်။
သဲစု (ပြန်/ဆက်)