မော်လိုက် ဇူလိုင် ၃၁
ဖောင်းပြင်မြို့နယ်တွင် တောင်သူများအနေဖြင့် စပါး၊အဖူးစားပြောင်း၊ နေကြာ၊ နှမ်းနှင့်ပဲမျိုးစုံကို အဓိကအားထား စိုက်ပျိုးကြပြီး အချို့တောင်သူများက နေ့စဉ်မိသားစုဝင်ငွေရရှိစေရန် ပန်းကိုတွဲဖက် စိုက်ပျိုးကြရာ ပန်းတိမ်ငိုပန်းများမှာ တစ်ခက်လျှင် ၄၀၀ကျပ်နှုန်း ရောင်းရသဖြင့် ပန်းစိုက်တောင်သူ များအဆင်ပြေလျက်ရှိကြောင်း သိရသည်။
“ပန်းတိမ်ငိုပန်းကို များသောအားဖြင့် ဘုရားပန်းအဖြစ်အသုံးပြုကြပါသည်။ လှလည်း လှလည်းလှတယ် နေပူဒဏ်လည်းခံနိုင်ရည်ရှိတယ် ရက်ကြာကြာအသုံးပြုနိုင်တယ် ဒါကြောင့်လူကြိုက် များပါတယ်။ မြို့မစည်ပင်သာယာဈေးမှာတော့ ပန်းတစ်ခက်ကို လေးရာကျပ်နဲ့ ရောင်းရပါတယ် နေ့စဉ် ဝင်ငွေကတော့ နှစ်သောင်းဝန်းကျင်တော့ရရှိပါတယ်။ များများစိုက်မယ်ဆို ပိုပြီးအကျိုးအမြတ်ရရှိမှာပါ” ဟု သပြေသာရွာမှ ပန်းစိုက်တောင်သူ ဦးကျော်မောင်းက ပြောပြသည်။
ပန်းတိမ်ငိုပန်းကို ဧပြီလတွင် စိုက်ပျိုးကြပြီး သဲဆန်၍ သစ်ဆွေးမြေဩဇာများသည့်မြေတွင် အောင်မြင်ဖြစ်ထွန်းကြောင်း၊ ပန်းပင်မှဥကို စိုက်ပျိုးရကြောင်း၊ အပင်အခြား ၆ လက်မ၊ အတန်းခြား ၁ပေခန့် စိုက်ပျိုးကြကြောင်း၊ တစ်နှစ်စိုက်ပျိုးပြီးပါက အပင်မှ မျိုးဥပြန်လည်ရှိသဖြင့် ကုန်ကျစရိတ် သက်သာကြောင်း သိရသည်။
ကိုထွန်း(ပြန်/ ဆက်)