အင်္ဂပူ ဇန်နဝါရီ ၄
ဧရာ၀တီတိုင်းဒေသကြီးအစိုးရ၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အင်္ဂပူမြို့နယ် စီမံခန့်ခွဲရေးကော်မတီတို့ပူးပေါင်းကျင်းပသည့် ကလေးစာပေပွဲတော်နှင့် စာအုပ်ဈေး ရောင်းပွဲတော်ကို ကွင်းကောက်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ဇန်နဝါရီ ၃ ရက်နှင့် ၄ ရက် နေ့တို့တွင် ကျင်းပ လျက်ရှိရာ ပွဲတော် ပထမနေ့၌ ကျောင်းသား၊ ကျောင်းသူလေးများ၏ ပြပွဲ၊ ပြိုင်ပွဲ များ၌ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများနှင့် လည်းကောင်း၊ ပြပွဲပြခန်းများ နှင့် အားကစား ပြိုင်ပွဲ များ၊ စာအုပ် အရောင်းဆိုင်များတွင် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် အထူး စည်ကားလျက်ရှိသည်။
ဦးဆန်းဦး (အထက်တန်းပြ ဆရာ ) ၊
အ.ထ.က ချောက်ရွာ-အင်္ဂပူမြို့နယ်
"ကျွန်တော်တို့နယ်မြို့တွေမှာ ဒီလိုခမ်းခမ်းနားနားနဲ့ ကလေးတွေကို စာပေဆိုင်ရာ အသိအမြင်တွေ စာအုပ်စာပေကို အခြေခံတဲ့ စာဖတ်လိုစိတ်ကို နှိုးဆော်ပေးတဲ့ပွဲတော်ကို ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲရင်း နှစ်သက်ရာ ဉာဏ်ရည် ဆိုင်ရာပြိုင်ပွဲတွေ၊ စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အထတွေ၊ တီထွင် ဖန်တီးလို စိတ်တွေဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးတဲ့ ပွဲတစ်ပွဲဖြစ်တဲ့အတွက် ကလေးတွေရဲ့ ဘဝ တစ်သက်တာမှာလည်း သူတို့ငယ်စဉ်က ဒီလိုပွဲတော်တွေကို ပါဝင်ဆင်နွှဲခွင့်ရခဲ့တယ် ဆိုတာကို အမှတ်ရ နေမှာဖြစ်သလို သူတို့ရဲ့ပညာရေးပြီးဆုံးသွားချိန် အပြင်လောကကို ဦးဆောင် ချိန်မှာလည်း သဟဇာတ ဖြစ်ဖို့ အထောက်အကူပြုစေမှာ ဖြစ်တဲ့အတွက် စီစဉ်ကျင်းပပေးတဲ့ တာဝန် ရှိသူတွေ အားလုံးကို ကျေးဇူးအထူးတင်မိပါတယ်။ "
နဝမတန်းကျောင်းသူ မရတီချမ်းသာ
(အ.ထ.က ကွင်းကောက်)
"သမီးက မနှစ်က ပုသိမ်မှာလုပ်တဲ့ တိုင်းအဆင့် ကလေးစာပေပွဲတော်ကို တက်ရောက်ခဲ့ ဖူးပါတယ်။ ကျောင်းက ရွေးတဲ့လူလောက်ပဲ လေ့လာသိခွင့်ရခဲ့တယ်။ သမီးက ပြိုင်ပွဲတွေမှာတော့ မပါခဲ့ပါဘူး။ ကိုယ်ကသွားခဲ့ရတယ်။ လေ့လာခဲ့ရတယ်ဆိုပေမဲ့ ကိုယ့်သူငယ်ချင်းတွေ အကုန်လုံးကိုလည်း ပါစေချင်သိစေချင်ခဲ့တာ။ ဒီနှစ်တော့ သမီးတို့ သူငယ်ချင်းတွေအားလုံး ကလေးစာပေပွဲတော်မှာ ပါဝင်ခွင့်ရလို့ ပျော်ပါတယ်။ သမီးကိုယ်တိုင်လည်းဖျော်ဖြေရေး အကအဖွဲ့မှာပါရမှာပါ။ သူငယ်ချင်းတွေကိုတော့ စာအုပ်မျိုးစုံလည်း ရောင်းချတာဖြစ်တဲ့အတွက် စာအုပ်တွေလည်း ဝယ်ကြပါ၊ စာဖတ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။
ဒေါ်ချိုချိုမာ (ကျောင်းသားမိဘ)
အင်္ဂပူမြို့နယ်၊ကွင်းကောက်မြို့
ကျွန်မတို့ငယ်ငယ်ကလည်း ဒီလိုပွဲတွေမကြုံရဘူး။ ခုနောက်ပိုင်းမြို့ကြီးတွေမှာ ကလေးစာပေ ပွဲတွေလုပ်တာတော့သိရတယ်။ ကျွန်မတို့လို နယ်ဒေသတွေမှာ ဒီလိုပွဲတွေလုပ်ပေးလိမ့်မယ်လို့ မျှော်လင့် မထားမိဘူး။ ခုလို မထင်မှတ်ပဲ ခမ်းခမ်းနားနား ဆောင်ရွက်တာ တွေ့ရတော့ ကိုယ်တွေ့မကြုံမတွေ့ ဘူးခဲ့တဲ့ ဒီလို စာပေကိုမြှင့်တင်တဲ့ပွဲ၊ စာပေကို တန်ဖိုးထားတဲ့ပွဲလုပ်ပေးတော့ ကိုယ့်သားသမီး လေးတွေ အတွက်လည်း ပျော်ရွှင်ဝမ်းသာမိပါတယ်။ ကလေးတွေရဲ့ ပညာရည်ဖွံ့ဖြိုးရေးအပြင် ကိုယ်ရည် ကိုယ်သွေးဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးတဲ့ပွဲဖြစ်လို့ ဝမ်းသာမိပါတယ်။ ကလေးတွေအတွက် စာအုပ် တွေလည်း ဝယ်ပေးဖို့ လာတာဖြစ်ကြောင်းပြောသည်။
ဒေါ်အေးသန္တာ (အလယ်တန်းပြဆရာမ၊အ.ထ.က ကွင်းကောက်)
ကျွန်မတို့ ကျောင်းမှာ ကျောင်းသားက ၁၇၀၀ ကျော်ရှိတယ်။ မနှစ်က တိုင်းအဆင့်နဲ့ ပုသိမ်မှာ လုပ်တဲ့ ကလေးစာပေပွဲတော်ကို ကျွန်မတို့ကျောင်းက ကျောင်းသားကျောင်းသူ ၅၀ လောက်ပဲ သွားရောက် လေ့လာခွင့်ရခဲ့တယ်။ လေ့လာခွင့် သွားရောက်ခွင့်မရခဲ့တဲ့ တပည့်လေးတွေအတွက် စိတ်မကောင်းဖြစ်ရ တယ်။ ဒီနေ့တော့ ကျွန်မတပည့်လေးတွေအားလုံး မြို့နယ်အစွန်အဖျားရွာက ကလေးတွေပါမကျန် ကိုယ့်မြို့နယ်မှာ ပဲကလေးစာပေပွဲတော်ကို ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခွင့်တွေ လေ့လာခွင့်တွေ ရလို့ ဝမ်းသာကြောင်းပြောသည်။
မောင်ရန်အောင်ဖြိုး(အဌမတန်း၊ အ.က.က ကွင်းကောက်)
ကလေးစာပေပွဲတော်ကိုလာရတာ ပျော်ပါတယ်။ သားက ဉာဏ်ရည်နဲ့လုပ်ဆောင်တာတွေကို လေ့လာရတာ သဘောကျပါတယ်။ ဒီမှာဆို ပြခန်းတွေထဲက ပုံစံငယ်လေးတွေနဲ့ ပြထားတဲ့ ပြခန်းပြကွက်တွေကို စိတ်ဝင်စားမိပါတယ်။ ဗဟုသုတတွေ အတွေ့အကြုံတွေ အများကြီးရလို့ ဒီပွဲတော်မှာ သူငယ်ချင်းတွေ ပါဝင်ကြဖို့ လည်း ဖိတ်ခေါ်တိုက်တွန်းချင်ကြောင်းပြောတယ်။
သတင်း- ထွန်းဇော်ထွန်း၊ ဓာတ်ပုံ(မန်းကျော်)