ရေဦး ဩဂုတ် ၁
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် ဩဂုတ် ၁ ရက်နံနက် ၇ နာရီက ရေဦးခရိုင် ရေဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ စုပေါင်း၍ ရွှေနဒီဦးခန်းမတွင် ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ နိုင်ငံတော်ဗဟိုသံဃာ့၀န်ဆောင်ဆရာတော် ရေဦးမြို့ မင်္ဂလာရာမပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် မဟာဂန္ဓဝါစက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝေပုလ္လာစာရ အမှူးပြုသော ဆရာတ်ေကြီးများ ကြွရောက်တော်မူခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းနှင့် ဌာနဆိုင်ရာများ၊ ရပ်ကျေး စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ ၀န်ထမ်းမိသားစု၀င်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ သာသနာရေးဦးစီးဌာနမှူးနှင့် ဧည့်ပရိတ်သတ်များကအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး ဆရာတော်ဦးဝေပုလ္လာစာရထံမှ ငါးပါးသီလခံယူဆာက်တည်ကာ ဆရာတော်ထံမှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းရခြင်းနှင့် ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့ အကြောင်းတရားတော်ကို နာယူမှတ်သားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ဆက်လက်ပြီး ခရိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာ၀န်ရှိသူများက ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းနှင့် လှူဘွယ်ပစ္စည်းများ၊ န၀ကမ္မ၀တ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သန်းသန်း (ရေဦး)