မအူပင် အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် လကျ်ားကြီးကျေးရွာအုပ်စု၊ မြို့အဝင် ခတ္တိယဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများကြောင့် လတ်တလောကာလ တွင်ကုန်တင်ယာဉ်များ သွားလာမှုနှင့် ပတ်သက်၍ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရန် ကုန်စည်စီးဆင်းမှု ပြတ်တောက်မှု မဖြစ်ပေါ်စေရေးအတွက် မအူပင် မြို့အဝင် ခတ္တိယဂိတ်တွင် အောက်တိုဘာလ ၈ ရက်နေ့မှစတင်၍ RDT ကိုဗစ်-၁၉ Ag Test ဖြင့် ကုန်စည်ပို့ဆောင်ရေး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား စစ်ဆေးခဲ့သည်။
ကုန်တင်ယာဉ်များ စတင်စစ်ဆေးချိန်မှစ၍ အောက်တိုဘာလ ၁၃ ရက်နေ့အထိ မအူပင်မြို့နယ် လကျ်ားကြီးကျေးရွာအုပ်စု မြို့အဝင် ခတ္တိယဂိတ်တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၁၅၀) ဦးအား စစ်ဆေးခဲ့ရာ (၈) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည်။
ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်မာစိုးက ''ပိုးတွေ့လူနာများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ခရိုင်ပြည်သူ့ ဆေးရုံတွင် ကုသပေးလျက်ရှိကြောင်း၊ RDT ကိုဗစ်-၁၉ Ag Test ဖြင့် စစ်ဆေးခအဖြစ် တစ်ဦးလျှင် ၂၀၀၀၀ ကျပ်နှုန်း ကောက်ယူခဲ့ရာမှ အောက်တိုဘာလ ၁၃ ရက်နေ့မှစ၍ တစ်ဦးလျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့် လျော့၍ ကောက်ခံ ပေးသွားမည်ဖြစ်ကြောင်း'' ပြောကြားသည်။
ခရိုင်ပြန်/ဆက်(မအူပင်)