ဒေးဒရဲမြို့ရှိ ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီးတွင် ဝါဆိုလပြည့် (ဓမ္မစင်္ကြာ) အခါတော်နေ့တွင် ဘုရားဖူးလာရောက်သူများ၊ အလှူဒါန ပြုလုပ်သူများ ဥပုသ်သီလ ဆောက်တည်သူများဖြင့် စည်ကားလျက်ရှိ

ဒေးဒရဲ ဩဂုတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျက်သရေဆောင် ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီးတွင် ယနေ့နံနက် ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့၌ ဥပုသ်သီလဆောက်တည်သူများ၊ ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းသူများ၊ အလှူဒါနပြုလုပ်သူများဘုရားဖူးလာရောက်သူများဖြင့်  စည်ကားလျက်ရှိကြောင်း သိရသည်။

 ဒေးဒရဲမြို့နယ်တွင် ဝါဆိုလပြည့် (ဓမ္မစင်္ကြာအခါတော်နေ့)၌ မြတ်စွာဘုရားရှင်နှင့် ရဟန်း သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ရှစ်ပါးသီလခံယူဆောက်တည်ကာ ဝါဆိုလပြည့်နေ့မှ ဝါတွင်းကာလပတ်လုံး ဗုဒ္ဓဘာသာဝင်များအနေဖြင့်  ဥပုသ်သီလဆောက်တည်ခြင်း၊ အလှူဒါနပြုလုပ်ခြင်း၊ တရားဘာဝနာအားထုတ်ခြင်းစသည့် ကောင်းမှုကုသိုလ်များ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း