မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်ကြီးတွင်  ဓမ္မာစကြာအခါတော်နေ့ အခမ်းအနား ကျင်းပ

မြိတ် ဩဂုတ် ၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ကြီးမှူး၍ ဓမ္မစကြာအခါတော်နေ့ အခမ်းအနားကို ဩဂုတ်(၁)ရက် နေ့လယ်ပိုင်းက စေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တွင် ကျင်းပသည်။

ဓမ္မစကြာအခါတော်နေ့ အခမ်းအနားကို ကြွရောက်လာကြသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿဗုဒ္ဓပဏာမဖြင့် ဘုရားကန်တော့၍  ဖွင့်လှစ်ခဲ့ကြပြီး ဧည့်ပရိတ် သတ်အ‌ပေါင်းတို့က နိုင်ငံတော်သြဝါဒစရိယ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တလာသန  လှည်းဘီးပရိယတ္တိ စာသင် တိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။

ထိုနောက် ဓမ္မစကြာ ဝတ်အသင်းအဖွဲ့များမှ ဓမ္မစကြာအခါတော်နေ့ ရှစ်လုံးဘွဲ့ကဗျာကို စုပေါင်းရွတ်ဆို ပူဇော်ခဲ့ကြပြီး  စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းကြပြီး စေတီတော်သြဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကောဏ္ဍည ကန်သာကျောင်း ဆရာတော်ထံမှ အနုမောဒနာတရားများနာယူ၍ လှူဒါန်းမှုအစုစုအတွက်  ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ ဓမ္မစကြာဝတ်အသင်းအဖွဲ့များမှ ဓမ္မစကြာ ရွတ်ပွားပူဇော်သည့် အစီအစဉ်အတိုင်း နတ်ပင့် ဂါထာရွတ်ဆိုပင့်ဖိတ်ခြင်း၊ ဘုရားရှိခိုးပူဇော်ခြင်း၊ ဓမ္မစကြာအခါတော်နေ့ အမွှန်းရွတ်ဆိုပူဇော်ခြင်း၊ ဆုတောင်း ဂါထာ ရွတ်ဆိုပူဇော်ခြင်း၊ မေတ္တာပို့ အမျှဝေခြင်းနှင့် နတ်ပို့ဂါထာရွတ်ဆိုပူဇော်ကြပြီး ဓမ္မစကြာအခါတော်နေ့ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သာသနာ့အဓိဌာန်(၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ ဆက်)