ဟားခါးမြို့၊ ဇေတဝန်တောရစာသင်တိုက်နှင့် တရားဓမ္မရိပ်သာ၌ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်ပူဇော်ပွဲ ကျင်းပ

ဟားခါး ဩဂုတ် ၁

ဒုတိယဝါဆိုလပြည့် ( ဓမ္မစကြာအခါတော်နေ့ ) စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်ပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ချင်းပြည်နယ်၊ ဟားခါးမြို့၊ စျေးဟောင်းရပ်ကွက်ရှိ ဇေတဝန်တောရစာသင်တိုက်နှင့် တရားဓမ္မရိပ်သာ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျောင်းထိုင်ဆရာတော် ဓမ္မကထိကဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တအရှင်တေဇောသာရ အရှင်သူမြတ်ကြီးမှ မာရဝိဇရမဟာမြတ်မုနိ ဗုဒ္ဓရုပ်ရှင်တော်မြတ်ကြီးအား မျက်နှာတော်သစ်ရန်နှင့် သင်္ကန်းဆက်ကပ်ပူဇော်နိုင်ရန် ရုပ်ရှင်တော်မြတ်ကြီးအား စောင့်ရှောက်သည့် ပိုင်ရာဆိုင်ရာ နတ်များထံသို့ ဧည့်ပရိသတ်များကိုယ်စား ခွင့်ပန်ကြားခဲ့သည်။

ဆက်လက်၍ မာရဝိဇရမဟာမြတ်မုနိ ဗုဒ္ဓရုပ်ရှင်တော်မြတ်ကြီးအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက ပို့ဆောင်ဆက်သွယ်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ကပ္ပိယကြီးဦးစောမြင့်လွင်ထံသို့ သင်္ကန်းတော်ကြီးအား လွှဲပြောင်းကပ်လှူခဲ့သည်။

ထို့နောက် မာရဝိဇရမဟာမြတ်မုနိ ဗုဒ္ဓရုပ်ရှင်တော်မြတ်ကြီးအား မျက်နှာတော်သစ်ပေးခဲ့ပြီး သင်္ကန်းဆက်ကပ်ပူဇော်သည်။

ယင်းနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင် ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးနေစိုး ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံဗုဒ္ဓဘာသာဝင် များက ဝါဆိုသင်္ကန်း၊ နဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် ကျောင်းထိုင်ဆရာတော် ဓမ္မကထိကဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တအရှင် တေဇောသာရအရှင်သူမြတ်ကြီးထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြ ပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင် ( ပြန် / ဆက် )