ပဲခူး သြဂုတ် ၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၃၁)ရက်နေ့၊ မွန်းလွဲပိုင်းက Robusta (ဗီယက်နမ်)ကော်ဖီနှင့် ကိုကိုးသီးနှံ စိုက်ပျိုးရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စိုက်ပျိုးရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ရာဘာ စိုက်ခင်းများတွင် Robusta (ဗီယက်နမ်)ကော်ဖီနှင့် ကိုကိုးသီးနှံအား စွန့်ဦးတီထွင်စိတ်ဓါတ်ဖြင့် စတင်စိုက်ပျိုး စေလိုပြီး လိုအပ်သည့်မျိုး၊ နည်းပညာနှင့် ဈေးကွက်ရရှိရေးအား ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ပဲခူးတိုင်းဒေသကြီး အတွင်း Robusta (ဗီယက်နမ်)ကော်ဖီနှင့် ကိုကိုးသီးနှံများ စိုက်ပျိုးအောင်မြင်နိုင်သည့် ရေမြေသဘာဝ၊ ရာသီဥတုနှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များကိုလည်းကောင်း၊ တောင်ငူမြို့နယ်၊ ကျောက်တိုင်ဥယျာဉ်ခြံ၊ ကော်ဖီစိုက်ပျိုးရေးသုတေသန ဦးစီးမှူးက ကော်ဖီစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် ရာဘာစိုက်ပျိုးသူလုပ်ငန်းရှင်များက ပဲခူးတိုင်းဒေသကြီး ထွက်ကုန်အမယ်သစ် Robusta (ဗီယက်နမ်)ကော်ဖီနှင့် ကိုကိုးသီးနှံ သီးညှပ်စိုက်ပျိုးသွားမည့် အခြေအနေများနှင့် စိတ်ဝင်တစား သိရှိလိုသည်များအား မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ ဆက်)