ကျိုက်လတ် သြဂုတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ (၇)ဖြတ်လမ်းရှိ မြို့ကျက်သရေဆောင် တိလောကမာရဇိန်မြတ်စွာဘုရားကြီးတွင် ယနေ့(ဓမ္မစကြာအခါတော်နေ့) နံနက် ၈ နာရီခန့် က (၁၉) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲကျင်းပခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ဇေတဝန်ကျောင်းတိုက် ဆရာတော်ထံမှ ရှစ်ပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီး ကြွရောက်လာကြသည့်ဆရာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊အလှူရှင်များက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ဝါဆိုသင်္ကန်းနှင့် စတုဒိသာအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ပေးအပ်ခဲ့ကြသည်။ ဇေတဝန်ကျောင်းတိုက်ဆရာတော်က အနုမောဒနာတရား ဟောကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး ဗုဒ္ဓ သာသနံစိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆို၍အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ ဆက်လက်၍ တိလောကမာရဇိန်မြတ်စွာဘုရားကြီးကို ဆက်ကပ်လှူဒါန်းမည့် ဝါဆိုသင်္ကန်းနှင့် ပန်းများကို ဓမ္မိကာရုံကျောင်းတိုက်ဆရာတော် ဥူးဓမ္မပိယ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ဝေယျာဝစ္စလူငယ်များ၊ ဘုရားဖူးလာသူများက တိလောကမာရဇိန်မြတ်စွာဘုရားကြီးအား လက်ယျာရစ်သုံးကြိမ်ရစ်ပတ်ပူဇော်ပြီး တိလောကမာရဇိန်မြတ်စွာဘုရားကြီး၊ နောင်တော်ကြီးဘုရား၊ ကိုးဆူဘုရားနှင့် ငါးဆူဘုရား၊ ရွှေသာလျောင်းဘုရားတို့အား ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြကြောင်းသိရသည်။ အခမ်းအနားသို့ တက်ရောက်လာကြသူများ၊ ဘုရားဖူးမိဘပြည်သူများတို့အား အလှူရှင်များက စတုဒိသာများ ကျွေးမွေးလှူဒါန်းခဲ့ကြပြီး ကံစမ်းမဲများဖောက်ပေး၍ မျိုးမင်းပိုင်တေးဂီတအဖွဲ့ဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ရီရီမြင့် (ပြန်/ ဆက်)