တောင်တွင်းကြီး ဩဂုတ် ၁
တောင်တွင်းကြီးမြို့နယ်ရှိ ရန်ပယ်အားကစားကွင်းနှင့်အားကစားရုံများအား ယနေ့နံနက်ပိုင်းက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယာပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် အားကစားကွင်း၊ မိုးလုံးလေလုံ အားကစားရုံနှင့် အားကစားရုံများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သန့်ရှင်းသာယာမှုရှိစေရေး၊ ရေရှည်တည်တံ့စေရေးနှင့် ပြည်သူများလာရောက် လေ့ကျင့်ကစားနိုင်စေရေးတို့အတွက် ထိန်းသိမ်း ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်သည် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး တွင် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ကြီးဌာနမှ ချမှတ်ထားသော အဓိကတာဝန်များအား အလေးထား လိုက်နာစေရေး၊ အားကစားကွင်းနှင့် ရုံးတွင်း/ရုံးပြင် သန့်ရှင်းသာယာလှပစေရေး ပိုမိုဆောင်ရွက်သွားရန် နှင့် လိုအပ်သည်များကို ပြောကြားခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ ဆက်)