ထားဝယ် သြဂုတ် ၁
၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲ က ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်၊ သီရိပျံချီ ဦးမြတ်ကိုက သာသနာ့ဗိမာန်တော်ကြီးတွင်ကိန်းဝပ်စံပယ်တော်မူသော ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ရွှေကြာသင်္ကန်းနှင့် ပန်း၊ ရေချမ်း၊ ဆီးမီး၊ ဆွမ်း၊ သစ်သီးများဆက်ကပ်လှူဒါန်းပူဇော်သည်။
ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့အမှူးပြုသည့် ဖိတ်ကြားထားသောဧည့်သည်တော်များ က"နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီးထားဝယ်မြို့၊ ဇေယျဝတီစာသင်တိုက်ပဓာနနာယက ၊ နိုင်ငံတော် ဩဝါဒါ စရိယ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြသည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သီရိပျံချီဦးမြတ်ကိုက သာသနာရေးဆိုင်ရာများလျှောက်ထားပြီးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဆရာတော်သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကာ ထားဝယ်မြို့၊ ဃောသိတာရာမ ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသာမိထံမှ လှူဒါန်းမှု အစုစုအတွက်အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယင်းနောက်တိုင်းဒေသကြီးအစိုးရအဖွဲ့က သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
တိုင်းဒေသကြီး(ပြန်/ ဆက်)