ကယားပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ

လွိုင်ကော် ဇူလိုင် ၃၁

ကယားပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်၊ လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

‌ရှေးဦးစွာ ကယားပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမြင့်ကြည်က သက်ကြီးရွယ်အိုများဆိုင်ရာဉပဒေပါ ရည်ရွယ်ချက်များ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ထုတ်ပြန်ထားသည့် နည်းဉပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများဖြစ်သည့် အခြေခံစားဝတ်နေရေး၊ လှုပ်ရှားသွားလာရေးနှင့် မရှိမဖြစ်ကျန်းမာရေး စောင့်ရှောက်မှုခံယူရေးတို့တွင် သင့်လျော်သော အထောက်အပံ့ရရှိခွင့်၊ ဘာသာရေးအရလွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နှင့် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ခွင့်များရရှိအောင် ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ ကယားပြည်နယ်အတွင်းရှိ သက်ကြီးရွယ်အိုများ ဘဝကို ပိုမိုအလေးထား ဆောင်ရွက်ပေးကြပြီး အဘိုး၊ အဘွားများရဲ့ ကျန်းမာရေး စောင့်ရှောက်မှု၊ လူမှုဘဝအထီးကျန်မှုများမရှိပဲ ဂုဏ်သိက္ခာရှိစွာဖြင့်ရပ်တည်နိုင်ရေး ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်များအားလုံး စုစည်းညီညွတ်စွာဖြင့် ဝိုင်းဝန်းပံ့ပိုး စောင့်ရှောက်ပေး သွားရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားတွင်  ပြောကြားခဲ့သည်။

ထို့နောက် ကယားပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်လူမှု ဝန်ထမ်းရုံး၊ ပြည်နယ်ဦးစီးမှူး ဦးအောင်စိုးကျော်က သက်ကြီးရွယ်အိုများ  လုပ်ငန်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာကြသော သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဝင်များက မိမိတို့ဌာနအလိုက် ဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ခရိုင် ပြန်/ဆက်