မကွေး ဩဂုတ် ၁
မကွေးတိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့်သီးနှံ အခြေခံတန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ(မွမ်းမံ) သင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်စုစုခိုင်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းဆင်းပွဲအခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က သင်တန်းဆင်း အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်စုစုခိုင်က ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့်သီးနှံ အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ(မွမ်းမံ) သင်တန်းနှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီး ပေးနိုင်ရေးနှင့်ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးစီမံကိန်းနှင့် ပတ်သက်သည်များအား ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးက သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက သင်တန်းသား/သူများမှ ထုတ်လုပ်ထားသည့် ကုန်ချောပစည်းများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းသား/ သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့်သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ(မွမ်းမံ)သင်တန်းကို(၂၅.၇.၂၀၂၃)ရက်နေ့မှ(၃၁.၇.၂၀၂၃)ရက်နေ့အထိ သင်တန်းသူ (၁၅)ဦးဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် တက်ကြွသူ၊ လုပ်ငန်းတည်ထောင်လိုသူ၊ ထူးချွန်သူ (၅)ဦးကို ရွေးချယ်၍ လုပ်ငန်းထူထောင်ရာတွင် နိုင်ငံတော်မှ ငွေကျပ်(၁၀)သိန်းနှင့်ညီမျှသည့် စက်ပစ္စည်းများ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပြီး သင်တန်းသားများဘက်မှ ကုန်ကြမ်းပစ္စည်းအတွက် ငွေကျပ် (၂)သိန်းထည့်ဝင်ရမည်ဖြစ်ကြောင်းနှင့် ၂၀၂၃-၂၀၂၄ခုနှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်း စီမံကိန်း(၉)ခု အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကာ လုပ်ငန်းထူထောင်မည့်သူ (၄၅)ဦး ပေါ်ထွန်းလာမည်ဖြစ်ကြောင်း သိရသည်။
ကိုစည်သူ(ပြန်/ ဆက်)