တနင်္သာရီမြို့နယ် မြဝတ်ဆင်စေတီတော်မြတ်တွင် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲနှင့် (ပထမ)အကြိမ်မြောက်၊ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကျင်းပ

တနင်္သာရီ ဩဂုတ် ၁

၂၀၂၃ခုနှစ်၊မတ်လအတွင်းက လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ပြီးဖြစ်သည့် တနင်္သာရီတိုင်း ဒေသကြီး တနင်္သာရီမြို့နယ်၏ ရှေးဟောင်းသမိုင်းဝင် မြဝတ်ဆင်စေတီတော်မြတ်ကြီးအား ၁၃၈၅ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့) ဩဂုတ်လ ၁ရက်နေ့ နံနက်၅နာရီအချိန်က ၎င်းစေတီတော်၏အာရုံခံ ဓမ္မာရုံအတွင်း ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပွဲကို ကျင်းပပြုလုပ်ရာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မြို့ဦးပရိယတ္တစာသင်တိုက် ဦးစီးပဓာနဆရာတော် ဘဒ္ဒန္တဇော်တိက၊ ချောင်းကြီးကျောင်းတိုက်ဦးစီးပဓာန ဆရာတော်ဘဒ္ဒန္တပန္နိစ္စ နှင့်ပင့်သံဃာ (၃)ပါးတို့က ဗုဒ္ဓါဘိသေကအနေကဇာ တင်လှူပူဇော်ပေးကြသည်။

ထို့နောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှူးပြီး ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ (ပထမ)အကြိမ်မြောက်၊ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားကို မြဝတ်ဆင်စေတီတော်ဓမ္မာရုံအတွင်း ဆက်လက်ကျင်းပရာ ချောင်းကြီးကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တပန္နိစ္စက လူပရိတ်သတ်အပေါင်းတို့အား ရှစ်ပါသီလ ချီးမြှင့်ပေးတော်မူပြီး ဆရာတော်/ သံဃာတော်များက အန္တရာယ်ကင်းမေတ္တာသုတ်နှင့် ဗောဇင်္ဂသုတ်တို့ကို ရွတ်ပွားပေးတော်မူသည်။

ဆက်လက်၍ ဆရာတော်ဘဒ္ဒန္တပန္နိစ္စက ဝါဆိုသင်္ကန်းလှူရခြင်းအကျိုး တရားတော်ကို ချီးမြှင့်ဟောကြားပေးပြီးနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးနှင့်ဌာနဆိုင်ရာဦးစီးမှူးများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆရာတော်/ သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြ၍ အလှူအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေသာဓုခေါ်ကြကြောင်း သိရှိရသည်။

ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူးက ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနား အောင်မြင်ခြင်း အထိမ်းအမှတ် ရွှေမိုးငွေမိုးရွာသွန်းပေးခဲ့သည်။ ထို့နောက် ဆရာတော်/ သံဃာတော်အရှင်သူမြတ်များအား အာရုဏ်ဆွမ်းဆက်ကပ်လှူပြီး လူပရိတ်သတ်အပေါင်းတို့အား မုန့်ဟင်းခါးနှင့်လက္ဘရည်ဖြင့် မနက်စာ ဧည့်ခံကျွေးမွေးကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ ဆက်)