ပွင့်ဖြူ ဩဂုတ် ၁
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီးသို့ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း အဆိုပါ စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ထံမှ သိရသည်။
“ဒီနေ့က ဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့)ဖြစ်လို့ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာစေတီတော်မြတ်ကြီးကို ရပ်ဝေးရပ်နီးက ဘုရားဖူးလာကြတဲ့သူတွေများပြီး စည်ကားလျက်ရှိပါတယ်။ နောက်ပြီး စေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတာ်နေ့လည်း ဖြစ်ပါတယ်။ ဒီနှစ်တော့ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖွင့်ပွဲအခမ်းအနားနဲ့ မကျင်းပတော့ဘဲ ပွဲတော်အထိမ်းအမှတ်အနေနဲ့ပဲ ဈေးဆိုင်ခန်းများနဲ့ ဖွင့်လှစ်ကျင်းပတာ ဖြစ်ပါတယ်။ စေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် ဝါဆိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ (၃)လကြာ ဆင်နွှဲကျင်းပတာဖြစ်ပါတယ်။ အရင်နှစ်တွေတုန်းက စေတီတော်မြတ်ကြီးကို လာရောက်ဦးခိုက်ဘုရားဖူးလာတဲ့ ငါးတွေရှိတယ်။ ဒါ့ကြောင့် ဘုရားဖူး ငါးခေါ်ပွဲကိုလည်း တစ်ခမ်းတစ်နားနဲ့ ထည့်သွင်းကျင်းပလေ့ရှိပါတယ်။ ဒီနှစ်တော့ ဘုရားဖူးငါးခေါ်ပွဲကိုလည်း မကျင်းပဖြစ်တော့ဘူး။ ဒါပေမယ့် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) လည်းဖြစ် ၊ စေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်နေ့လည်းဖြစ်တော့ ဘုရားဖူးပြည်သူတွေနဲ့ အရမ်းကိုစည်ကားလျက်ရှိပြီး ဘုရားဖူးပြည်သူတွေ စိတ်အေးချမ်းစွာ ဖူးမြော်နိုင်အောင်လည်း စီစဉ်ဆောင်ရွက် ပေးထားပါတယ်။ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာ စေတီတော်မြတ်ကြီးကို လာရောက်ဖူးမြော်ကြသူတွေအနေနဲ့ မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်အခါက ရဟန္တာငါးရာနဲ့ ခုနှစ်ရက်တိုင်တိုင် သီတင်းသုံး နေထိုင်ခဲ့စဉ်က လုပ်ဆောင်ခဲ့တဲ့ သမိုင်းကြောင်းများကို လေ့လာခွင့်ရပါမယ်။ ပြီးရင် စေတီတော်ကြီးရဲ့ ရင်ပြင်တော်ပေါ်မှာရှိတဲ့ ရှင်မဟာပုဏ္ဏမထေရ်မြတ်၏ သစ္စာဆေးတော်ကန်နဲ့ စန္ဒကူးပင်တောက တစ်ပင်တည်းသော စန္ဒကူးပင်ကြီးက ထူးကဲအနံ့အရသာ စန္ဒကူးနံ့သာ ထွက်ရှိမှုကို လေ့လာခွင့်ရပါမယ်။ နောက်ပြီး စေတီတော်ကြီးအနီးမှာရှိတဲ့ ငါး/လိပ်ကန်မှာ ကုသိုလ်ပြု အစာကျွေးမွေးလှူဒါန်းနိုင်ပါတယ်ဗျာ့။ ခုလို ဘုရားဖူး လာတဲ့သူတွေများတော့ ဒေသခံဈေးသည်တွေနဲ့ ဘုရားပွဲတော် ဈေးလာရောင်းကြတဲ့ ဈေးသည်တွေ ဈေးရောင်းကောင်းပြီး လုပ်ငန်း အဆင်ပြေကြပါတယ်” အဆိုပါ စန္ဒကူးနံ့သာကျောင်းတော်ရာစေတီ တော်မြတ်ကြီး၏ ဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးက ပြောပြသည်။
ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီးသည် သက်တော်ထင်ရှားရှိစဉ်က ရဟန္တာငါးရာဖြင့် ခုနှစ်ရက်တိုင်တိုင် သီတင်းသုံးနေထိုင်ခဲ့သည့် စေတီတော်မြတ်ကြီးဖြစ်၍ ယခုလို နေ့ထူးနေ့မြတ်ရက်များနှင့် ပွင့်လင်းရာသီချိန်များတွင် ပြည်တွင်းဘုရားဖူးဧည့်သည်များ စိတ်ဝင်တစ်စား လာရောက်ဖူးမြော် ကြသည့် နေရာဒေသတစ်ခုဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )