ပဲခူး သြဂုတ် ၁
ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့မှကြီးမှူး၍ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့၊ ယနေ့နံနက်(၇)နာရီအချိန်က ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ရင်ပြင်တော် ရွှေကျောင်းတော်ကျောက်ပန်းတောင်းဓမ္မာရုံ၌ (၄၁)ကြိမ်မြောက် ဓမ္မစကြာအခါတော်နေ့ အခမ်းအနားကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားသို့တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပေးပြီး သမ္မာဒေဝ နတ်ဗြဟ္မာများအားပင့်ဖိတ်ခြင်း၊ ရွှေကျောင်းတော်ကျောင်းပန်းတောင်းဓမ္မာရုံအတွင်းရှိ ဗုဒ္ဓဘုရားရှင်၏ရုပ်ပွားတော်မြတ်ကြီးတွင် ငါးပါးသီလခံယူခြင်း၊ ဝါဆိုသင်္ကန်းနှင့်ဝါဆိုပန်းများအား ဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ကြသည်။
ထို့နောက် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့၊ အလှည့်ကျသဘာပတိနှင့် ကျင်းပရေးကော်မတီဥက္ကဋ္ဌဦးမြင့်စိုးက ဓမ္မစကြာအခါတော်နေ့ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဘာသာရေးအဖွဲ့များက ဝါဆိုလဘွဲ့ဧကပိုဒ်ရတု၊ ဝါဆိုလဘွဲ့တေးထပ်၊ ဓမ္မစကြာအမွှမ်းပါဠိတော်အနက်နှင့် ဓမ္မစကြာပါဠိတော်ဘာသာပြန်ရှစ်လုံးဘွဲ့မြန်မာကဗျာများကို စုပေါင်းရွတ်ဆိုပူဇော်ကြသည်။
ယင်းနောက် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ရွှေပြားသင်္ကန်းကပ်လှူရန်အတွက် ဘာသာရေးဝတ်အသင်းများက ဂေါပကအဖွဲ့ တာဝန်ရှိသူများထံ အလှူငွေများ ပေးအပ်လှူဒါန်းကြပြီး အမျှဝေဧကပိုဒ်ရတုဖြင့်ရွတ်ဆိုပူဇော်၍ စုပေါင်းအမျှဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြ ကြောင်းသိရသည်။
ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘုရားရှင်၏ ပဋိသန္ဓေနေတော်မူသောနေ့၊ တောထွက်တော်မူသောနေ့၊ ပဥ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစကြာတရားဟောကြားတော်မူသောနေ့၊ (၇)ဝါမြောက် တာဝတိံသာနတ်ပြည်၌ ဝါကပ်တော်မူသောနေ့ စသည်ဖြင့် အလွန်ထူးမြတ်သောနေ့ ဖြစ်သည့်အတွက် ဗုဒ္ဓ၏ဂုဏ်ကိုအာရုံပြု၍ ပူဇော်ပွဲကျင်းပ ပြုလုပ်ရခြင်းဖြစ်ပြီး အဆိုပါဓမ္မစကြာ အခါတော်နေ့ ပူဇော်ပွဲအား ဒုတိယဝါဆိုလပြည့်ကျော်(၁)ရက်နေ့မှ(၄)ရက်နေ့၊ သြဂုတ်လ(၂) ရက်နေ့မှ(၅)ရက်နေ့အထိ နေ့စဥ်ညနေ(၃)နာရီမှစတင်၍ ညလုံးပေါက် ဘာသာရေး အသင်းအဖွဲ့များက အလှည့်ကျရွတ်ဖတ်ပူဇော်ကြမည်ဖြစ်ကြောင်းသတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)