ဝန်းသို ဩဂုတ် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ ပန်းတိုင်စံပြကွက် (၃၅၀၀)ဧက စိုက်ပျိုးရန်လျာထားလျက်ရှိရာ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဒေါင်းမြူးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းသိန်းက မိုးစပါးပန်းတိုင်အထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်မှုအခြေအနေ၊ ဝန်းသိုမြို့နယ်၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှုအခြေအနေနှင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရေးတို့ကို အကြံပြုဆွေးနွေးပြောကြားသည်။
ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ မြေအသုံးချရေး တာဝန်ခံ ဒေါ်နီနီလွင်က အီးအမ်ဘိုကာရှီ ပြုလုပ်နည်းနှင့် အကျိုးကျေးဇူးကိုလည်းကောင်း၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်သိန်းသိန်းဌေးက မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးကိုလည်းကောင်း၊ ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံ ဒေါ်ဌေးက ဆစ်ပိုးကာကွယ်နှိမ်နှင်းခြင်းနှင့် သဘာဝပေါင်းသတ်ဆေး၊ ပိုးပြေးဆေးသုံးစွဲခြင်းအကြောင်းကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးးဦးစီးမှူး ဦးတင့်ဆွေက မိုးစပါးပန်း တိုင်အထွက်နှုန်းရရှိရေး အရေးကြီးအချက်များကိုလည်းကောင်း အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များကိုဖြန့်ဝေခဲ့ရာ တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် တောင်သူများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲအပြီးတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူများက EM ဘိုကာရှီမြေဆွေး ပြုလုပ်သုံးစွဲနည်းနှင့် ဂျပ်စက္ကူနှင့်နွားချေး(သို့)ဗေဒါအသုံးပြုပြီး ကောက်ရိုးမှိုစိုက်ပျိုးနည်းကို သရုပ်ပြသခဲ့ရာ ဌာနဆိုင်ရာများနှင့် တောင်သူများက လေ့လာကြည့်ရှုအားပေး၍ လက်တွေ့ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်း (ပြန်/ ဆက်)