နတ်မောက် ဩဂုတ် ၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နတ်မောက်ဆည်ရေသောက် န/ကျားထူးကျေးရွာအုပ်စု ကွင်းအမှတ်(၄၇၀-က)၊ ဦးပိုင်အမှတ် (၁၇၀)၊ တောင်သူဦးပေါ်ဦး၏ မိုးစပါးစိုက်ကွက်တွင် ယမန်နေ့နေ့လယ် (၂)နာရီအချိန်က မိုးစပါး Seeder စနစ် စံပြစိုက်ခင်း၌ ကွင်းသရုပ်ပြပွဲ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ မကွေးခရိုင် စိုက်ပျိုးရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးငွေဆန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် တောင်သူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနဦးစီးမှူး ဒေါ်မြင့်မြင့်ချိုက Seeder စိုက်နည်းစနစ် စိုက်ပျိုးခြင်း၏ အားသာချက်များကို ရှင်းလင်းပြောကြားခြင်းနှင့် ကြဲပတ် စိုက်ပျိုးနည်းစနစ်များတွင် Seeder စိုက်ပျိုးနည်းစနစ်များဖြင့် အစားထိုး စိုက်ပျိုးနိုင်ရေး သရုပ်ပြပွဲ ကျင်းပခဲ့သည်။ နတ်မောက်မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ်မိုးစပါးစိုက်ပျိုးရန် (၂၄၆၀၇)ဧက လျာထားသတ်မှတ်ခဲ့ရာ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး စပါးသီးနှံပန်းတိုင် အထွက်နှုန်းရရှိရေးနှင့် သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် စိုက်စနစ်မှန် စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများအား တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှဝင်း