ပွင့်ဖြူ ဩဂုတ် ၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုအောက်ရှိ မြို့မဈေးနှင့် ကျေးလက် စည်ပင်သာယာဈေး(၄)ခုတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းသက်သာစေရန် ပလတ်စတစ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားရှိ စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး ဈေးရောင်း ဈေးဝယ်သူများ သတ်မှတ်စည်းကမ်းချက်အား စနစ်တကျ လိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေးခြင်းနှင့် တစ်ခါသုံး အင်ဖက် ၊ ငှက်ပျောဖက် ၊ ကြာဖက် ၊ စက္ကူများ အခမဲ့ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ဈေးကော်မတီအဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းသက်သာစေရန် ရည်ရွယ်၍ အပတ်စဉ် တနင်္လာနေ့တိုင်း မလတ်စတစ် မသုံးစွဲရနေ့အဖြစ် စည်းကမ်းချက်သတ်မှတ်ထားရှိမှုအား ဈေးရောင်း ဈေးဝယ်သူများအနေဖြင့် စနစ်တကျ လိုက်နာ ဆောင်ရွက်နိုင်ရေး ဈေးရောင်းချရာတွင် ပလတ်စတစ် အစားထိုး ပစ္စည်းများဖြစ်သည့် ငှက်ပျောဖက်၊ အင်ဖက်၊ ကြာဖက်၊ စက္ကူတို့ဖြင့် ထုပ်ပိုးရောင်းချသွားကြရန်၊ ဈေးဆိုင်ခန်းများ သန့်ရှင်းသပ်ရပ်စေရေး အလေးထား ဆောင်ရွက်ကြရန်၊ ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံ သုံးစွဲမှုကြောင့် ဘေးထွက်ဆိုးကျိုးများစွာ ဖြစ်စေနိုင်မှုအခြေအနေကို ဈေးသူဈေးသားများနှင့် ဈေးဝယ်လာပြည်သူများ သိရှိစေရန် အသိပညာပေး ဆွေးနွေးဟောပြော၍ ပညာပေးလက်ကမ်းစာစောင်များနှင့် ပလတ်စတစ် အသုံးပြုမှု လျှော့ချရေး အတွက် တစ်ခါသုံး အင်ဖက်၊ ငှက်ပျောဖက်၊ ကြာဖက်၊ စက္ကူများ အသုံးပြုနိုင်ရန် အခမဲ့ လိုက်လံဖြန့်ဝေ ပေးခဲ့ကြကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။
လှိုင်ဝင်းလေး (ပြန်/ ဆက်)