ကော့သောင်းမြို့၊ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကာလအတွင်း အခြေခံလူတန်းစားများအား ဟင်းစားငါးများ လိုက်လံ ထောက်ပံ့ လှူဒါန်း

ကော့သောင်း၊ အောက်တိုဘာ ၁၄


ကော့သောင်းမြို့၊ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း စားသောက်ရေးကိစ္စများ အခက်အခဲများဖြစ်ပေါ်လျက်ရှိသည့် ရွှေဇင်ယော်ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား မိသားစု(၃၀၀)ခန့်အား ယမန်နေ့ မွန်းလွဲပိုင်းက ဟင်းစားငါးများကို အိမ်တိုင်ယာရောက် လိုက်လံထောက်ပံ့ လှူဒါန်းလျှက် ရောဂါကာ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
အဆိုပါပရဟိတ အဖွဲ့သည် ကော့သောင်းမြို့၏ ငါးလုပ်ငန်းရှင်များ၊  မြို့မိမြို့ဖအလှူရှင်များ ဝိုင်းဝန်း ပူးပေါင်းလှူဒါန်းကူညီမှုဖြင့် မြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာများရှိ အခြေခံလူတန်းစား မိသားစုများ ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကြောင့် စားဝတ်နေရေး အခက်အခဲ ဖြစ်ပေါ်နေမှုအား တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်ကြောင်း သိရသည်။
ထို့အပြင်ရပ်ကွက်နေပြည်သူများအား ပေါ့လျော့မှုမရှိ ကျန်းမာရေးအသိသတိဖြင့် နေထိုင် ကြရေး၊ အပြင်ထွက်ပါက နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ကြခြင်းဖြင့် ရောဂါ ကာကွယ် ထိန်းချုပ်မှုလုပ်ငန်းများအား ဆက်လက် ဝိုင်းဝန်း ပူးပေါင်းပါဝင် ကူညီဆောင်ရွက် ပေးကြရန် လိုက်လံနှိုးဆော် အသိပညာပေးကာ နှာခေါင်းစည်းများအား လူတစ်ဦးခြင်းစီသို့ ဝေငှလှူဒါန်းပေးခြင်းလုပ်ငန်းများကို လည်း ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရသည်။
ကျော်စိုး (ကော့သောင်း)