ဖြူး ဩဂုတ် ၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ်အနေဖြင့် ကျန်းမာရေးအသိပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရထောက်ပံ့ပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက်၉နာရီအချိန်က ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဒေဝီမေက ကိုယ်ဝန်ဆောင် မိခင်လောင်းများအနေဖြင့် ကိုယ်ဝန်ဆောင်ချိန်မှစ၍ အာဟာရရှိသော အစားအစာများကို ရွေးချယ်စားသုံးသင့်ကြောင်းနှင့်ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍အခမ်းအနားသို့တက်ရောက်လာကြသောကိုယ်ဝန်ဆောင် မိခင်လောင်းများအား ကြက်ဥ၊ ငှက်ပျောသီး၊ အိုင်အိုဒင်းဆားများ ထောက်ပံ့ပေးအပ်ခဲ့ပြီး အာဟာရပြည့်ဝမျှတစွာ စားသောက်တတ်စေရန်အာဟာရပြည့်ဝသည့်အစားအစာချက်ပြုတ်နည်း သရုပ်ပြသပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ ဆက်)