ကျိုက်လတ် ဇူလိုင် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေများအား ကျေးရွာများသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေဝါလတ်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရရှိန်က စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်ခြင်း ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ ကျပ်သိန်း(၃၀၀)ကို မဲဇလီကုန်းကျေးရွာ တာဝန်ရှိသူများအား လွှဲပြောင်းပေးအပ်ခဲ့သည်။ ဆက်လက်၍ အိုင်သရဲ၊ ကွန်ပလိုင်း၊ ဗလီစု၊ တပေတမော့၊ ရွာသာအေး၊ ကျိုက်လတ်ကလေး၊ တုံးလှဲ၊ ထရော်ဒေါင့်၊ ခနောင်၊ တံခွန်တိုင် စသည့်ကျေးရွာ(၁၀)ရွာမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး(VDP) စီမံကိန်းကော်မတီအဖွဲ့ဝင်များအား ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း(၁၅၀)ဖြင့် ရန်ပုံငွေသိန်း(၁၅၀၀)ကျပ်ကို လွဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျိုက်လတ်မြို့နယ်အတွင်း၌ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး(VDP) စီမံကိန်းအား ယခုကျေးရွာ(၁၀)ရွာအတွင်းရှိ ကျေးလက်နေ ပြည်သူများကိုယ်တိုင် မိမိဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေး ပကတိလိုအပ်ချက်အတွက် ပြည်သူများ ကိုယ်တိုင်ဖော်ထုတ်၍ ကိုယ်တိုင်လုပ်ကိုင် နိုင်စေရန်ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP)စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)