နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော သွင်းအားစု ပေးအပ်ပွဲအခမ်းအနားကျင်းပ

မအူပင် ဇူလိုင် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သော သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင်ကျင်းပသည်။

အခမ်းအနားတွင် မအူပင်မြို့နယ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းမှ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားဘဝ မြှင့်တင်ရေးအတွက် ယခုလိုသွင်းအားစုများ ပေးအပ်ရခြင်းဖြစ်ကြောင်း၊ တောင်သူများမှလည်း မိုးစပါးအထွက်နှုန်း ကောင်းမွန်စေရန် လိုက်ပါဆောင်ရွက်ကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသာအေးမှ လုပ်ငန်းများဆောင်ရွက် ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ သွင်းအားစုနှင့် ဝယ်ယူကြိတ်ခွဲ အစုအဖွဲ့တာဝန်ယူဆောင်ရွက်သည့် စည်ပွားကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းတာဝန်များအား ရှင်းလင်းတင်ပြသည်။

၎င်းနောက် မအူပင်မြို့နယ်အတွင်းရှိ မိုးစပါးသွင်းအားစုရယူစိုက်ပျိုးထားသည့် တောင်သူများထံသို့ သွင်းအားစုများလွှဲပြောင်းပေးအပ်ခဲ့ကြပြီး မြို့နယ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။

မအူပင်

ခရိုင်(ပြန်/ဆက်)