မင်းလှ ဇူလိုင် ၃၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင်နှစ်စဉ်ကျင်းပလျက်ရှိသည့် ဝါဝင်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို အမှတ်(၆)ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံဘုရားကြီး၌ ဇူလိုင် ၃၁ ရက်နေ့၊ နေ့လယ် ၁ နာရီချိန်ကကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဘုရားအမှူးပြု၍ မြို့ပေါ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းပေါင်း(၃၁)ကျောင်း၊ ပရိယတ္တိသီလရှင်ကျောင်း(၁)ကျောင်းတို့မှ သံဃာတော်များနှင့် သီလရှင်များကြွရောက်အလှူခံတော်မှုခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာရှင်များက ဆွမ်း ဆန်၊ ဆီ၊ ဆား၊ ဖယောင်းတိုင်စသည့် လှူဖွယ်ပစ္စည်းများကို လောင်းလှူပေးခဲ့ကြသည်။
ထို့နောက် သံဃာတော်များက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်၍ ဆွမ်းဆန်အလှူခံတော်မှုရာ ရပ်ကွက်နေပြည်သူများက ဆွမ်းဆန်၊ ဆီနှင့် အခြားလှူဖွယ်ပစ္စည်းများကို စေတနာထက်သန်စွာလောင်းလှူပေးခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)