ကော့သောင်း၊ အောက်တိုဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင်အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ လူထုလှုပ်ရှားဆောင်ရွက်မှုကို ကော့သောင်းခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှဦးဆောင်ကာ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ယမန်နေ့နံနက်ပိုင်းက မြို့အချက်အခြာ ကျရာ ပိတောက်ရွှေဝါ ရပ်ကွက်၊ အဝိုင်းပတ်လမ်းဆုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန တို့မှ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဖြင့် အထိမ်းအမှတ်အဖြစ် လူထုလှုပ်ရှားမှုဆောင်ရွက်ရာတွင် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ဌာန logo ပါ Mask(၄၀၀)ခန့် ၊ Surgical Mask(၃၀၀)ခန့်၊ hand gel နှင့် face shield များ ၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို လမ်းထွက် သွားလာ နေကြသည့် မြို့နေပြည်သူများအား ဝေငှပေးခဲ့ကြပြီး ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး ကျန်းမာရေးဌာန၏လမ်းညွှန်ချက်များနှင့် အညီ စနစ်တကျနေထိုင်ရေး အသိပညာပေးလုပ်ငန်းများကို ဌာနဆိုင်ရာ များပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)