မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရန် GIS နည်းပညာအသုံးပြု၍ Census Units များ ရေးဆွဲခြင်းလုပ်ငန်း သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေး ဇူလိုင် ၃၁

မကွေးတိုင်းဒေသကြီး ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရန် GIS နည်းပညာအသုံးပြု၍ Census Units များ ရေးဆွဲခြင်းလုပ်ငန်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မကွေးမြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် ကော်မတီဝင်များဖြစ်သည့် အဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ သင်တန်းဖွင့်အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ အဓိကလုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သော လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို ၂၀၂၄ ခုနှစ်မှာ ဆောင်ရွက်မှာဖြစ်တဲ့အတွက် သန်းခေါင်စာရင်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများအနက်မှ မကွေးတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်များတွင် GIS နည်းပညာအသုံးပြု၍ Census Units များ ရေးဆွဲခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန် ပြည်သူ့အင်အားဦးစီးဌာနမှ သင်တန်းပို့ချပေးခြင်းဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတစ်ခုဖြစ်သော GIS နည်းပညာအသုံးပြီး မြေပုံရေးဆွဲခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်းလုပ်ငန်း အကောင်အထည်ဖော်မှုအနေဖြင့် ရပ်ကွက်/ကျေးရွာ တည်နေရာ Point များ ကောက်ယူခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများက ဆောင်ရွက်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၈၄ ရာခိုင်နှုန်း ပြီးစီးခဲ့ကာ၊ ကျန်ရှိသော မြို့နယ်အချို့မှာ ဆက်လက်ဆောင်ရွက်နေပြီး ချင်းပြည်နယ်အပါအဝင် မြို့နယ်အချို့မှာ မြေပြင်အခြေအနေအရ လုပ်ဆောင်နိုင်ခြင်း မရှိသေးတာကို တွေ့ရမှာဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို လုပ်ငန်းစဉ်(၄)ရပ်နှင့် အကောင်အထည်ဖော်သွားမည်ဟု သိရှိရပြီး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကတည်းက စတင်ဆောင်ရွက်နေတာဖြစ်ပြီး၊ သန်းခေါင်စာရင်း လုပ်ငန်းစဉ် တစ်ရပ်လုံးအနေဖြင့် စုစုပေါင်း(၅၄)လခန့် ကြာမြင့်မှာဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း ရည်ညွှန်းချိန်ကိုတော့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ ညသန်းခေါင်ယံအချိန်ကို သတ်မှတ်ထာပြီး စာရင်းကောက်ယူမည့် ကာလမှာ ရည်ညွှန်းချိန်၏ နောက်တစ်နှစ်ဖြစ်သော ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ (၁၅) ရက်ကောက်ယူသွားဖို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရာမှာ တွေ့ကြုံလာနိုင်သော အခက်အခဲများကို ကြိုတင်သိရှိပြီး အောင်မြင်စွာရင်ဆိုင်ဖြေရှင်းနိုင်ရန် စမ်းသပ်သန်းခေါင်စာရင်းကိုလည်း ပင်မသန်းခေါင်စာရင်းမတိုင်မီ တစ်နှစ်အလို ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် အခက်အခဲရှိသော ဒေသများမှ မြို့နယ်(၂၀)အတွင်းရှိ စာရင်းကောက်ကွက် (၁၀၀)ကို ရွေးချယ်ပြီး စမ်းသပ်ကောက်ယူသွားမှာဖြစ်သည်ဟု သိရှိရပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သည့် လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ စာရင်းအင်း အချက်အလက်များရရှိစေရေးအတွက် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ကြရမှာဖြစ်ပြီး လုပ်ငန်းစဉ်တစ်ခုလုံးကို အမျိုးသားရေး တာဝန်အဖြစ် ခံယူပြီး အစိုးရအဖွဲ့အစည်းများ၊ မိတ်ဖက်နိုင်ငံ/ အဖွဲ့အစည်းများ၊ အစိုရမဟုတ်သော အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနမှ Census Units များ ဖွဲ့စည်းခြင်း အဖွဲ့ခေါင်းဆောင် လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဖြိုးကျော်က GIS နည်းပညာအသုံးပြု၍ သန်းခေါင်စာရင်း Census Units ဖွဲစည်းခြင်းလုပ်ငန်းအား ရှင်းလင်းတင်ပြခဲ့ပြီး၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရန် GIS နည်းပညာအသုံးပြု၍ Census Units များ ရေးဆွဲခြင်းလုပ်ငန်း စတင်ဆောင်ရွက်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံအားပေး ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မောင်ညီညာ