တနင်္သာရီမြို့နယ် Community Centre ခန်းမအတွင်း လမ်းလျှောက်ခြင်းအကျိုးအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

တနင်္သာရီ ဇူလိုင် ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက တမျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် မိဘပြည်သူများ ငွေအကုန်အကျ မရှိဘဲသက်တောင့်သက်သာစွာ လမ်းလျှောက်ခြင်း အားကစားဖြင့်ရရှိမည့် အကျိုးကျေးဇူးများနှင့် ပတ်သက်၍ အသိပညာပေး(Talk Show) အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမအတွင်း ပြုလုပ်ခဲ့သည်။

ယနေ့အသိပညာပေး Talk Show အစီအစဉ်မှာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်- ၃ (အင်အားပြ)ဒေါ်သင်းစပယ်ဖြူနှင့် အငယ်တန်းစာရေး ဒေါ်ကျော့ကျော့လင်းတို့က ဆွေးနွေးပေးကြသည်။

ရှေးဦးစွာ စာကြည့်တိုက်လက်ထောက်-၃(အင်အားပြ)ဒေါ်သင်းစပယ်ဖြူက ကိုယ်လက်လှုပ်ရှား အားကစားနည်းများအနက် နေရာမရွေးအချိန်အခါမရွေး ပြုလုပ်နိုင်ပြီး ငွေကုန်သက်သာကာ သက်တောင့်သက်သာရှိပြီး အကျိုးများသည့်လမ်းလျှောက်ခြင်း အလေ့အထကို လူကြီး၊ လူလတ်၊ လူငယ်များပါမကျန် နေ့စဉ်မီနစ်(၃၀)ခန့်(သို့) အနည်းဆုံး(၃)မိုင်ခရီးကို ပြုလုပ်ပေးသင့်ကြောင်း ရည်ရွယ်ချက်များကို ရှင်းလင်း ဆွေးနွေးပေးခဲ့သည်။

ထို့နောက်(အငယ်တန်းစာရေး)ဒေါ်ကျော့ကျော့လင်းက နေ့စဉ်နာရီဝက်ခန့် လမ်းလျှောက်ခြင်းဖြင့်ခရီးရှည်သွားနိုင်ခြင်း၊ နှလုံးအားကောင်းစေခြင်း၊ အဆုတ်အားကောင်းစေခြင်း၊ ကျောရိုးနာကျင်မှုကို သက် သာစေခြင်း၊ အရိုးအဆစ်များနှင့်ကြွက်သားများကို ပိုမိုသန်မာစေခြင်း၊ အနာရောဂါကင်းပြီး ကောင်းစွာအစာကြေကျက်ခြင်း၊ နှလုံးသွေးကြောဆိုင်ရာ အထောက်အကူပြုခြင်း၊ ဆီးချိုသွေးချို ရောဂါ ကုသရာတွင် အထောက်အကူပြုခြင်း သမာဓိစိတ်၏တည်ကြည်ခြင်း စသည်တို့ကို ပညာပေးဆွေးနွေးပေးခဲ့သည်။

အလားတူ ဒေါ်သင်းစပယ်ဖြူက နေ့စဉ်နာရီဝက်ခန့် လမ်းလျှောက်ခြင်းဖြင့်အရိုးအဆစ်နှင့် ကြွက်သားများသန်စွမ်းစေခြင်း၊ ပန်ကရိယကို ကျန်းမာစေခြင်း၊ အစာကြေဖျက်မှုကို ပိုမိုအားကောင်းစေခြင်းနှင့် ဦးဏှောက်နှင့်အာရုံကြောအားကောင်းစေခြင်း၊ အိပ်ပျော်၍စားဝင်စေခြင်း၊ ကင်ဆာရောဂါ အမျိုးမျိုးမှ ကာကွယ်ပေးခြင်း၊ ကိုယ်ခံအားကိုမြင့်တက်စေပြီး ရောဂါပိုးမွှားများရန်မှ ကာကွယ်ပေး ခြင်း၊ သက်ရှည်နုပျို၍ကျန်းမာစေခြင်း၊ ကိုယ်အလေးချိန်ကိုလျော့ချစေခြင်း…စသည့် အကျိုးကျေးဇူးများကို လက်တွေ့ခံစားရရှိမည်ဖြစ်ပါသဖြင့် ကျန်းမာကြံ့ခိုင် ပျော်ရွှင်ဖို့ နေ့စဉ် လမ်းလျှောက်ကြပါစို့ဟု နှိုးဆော်တိုက်တွန်း၍ ရှင်းလင်းဆွေးနွေးပေးကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)