မင်းဘူး ဇူလိုင် ၃၁
မင်းဘူးမြို့တွင် ပဲတီစိမ်း တစ်နေ့လျှင် တင်း ၁၀၀၀၀ ကျော် ဝင်ရောက် ရောင်းချလျက် ရှိသော်လည်း ဝယ်လိုအားကောင်းပြီး အရောင်းသွက်လျက်ရှိကြောင်း မင်းဘူးမြို့ အမှတ် (၃) ထက်ယံကျော် ပွဲရုံပိုင်ရှင် ဦးခင်မောင်ထွန်းထံမှ သိရသည်။
မင်းဘူးမြို့ရှိ ပွဲရုံများ၌ ပဲတီစိမ်း သီးနှံများကိုများကို ဇွန်လတွင် စတင်ဆွတ်ခူး၍ လာရောက် ရောင်းချလျက်ရှိကြပြီး၊ ဇူလိုင်လတွင် လှိုင်လှိုင်ပေါ်ကာ မြို့နယ်အတွင်းမှ ကျေးရွာများ ဖြစ်သော ပဒါန်း၊ လေးပင်၊ ဆင်ခေါင်း၊ ကုန်းသာ၊ ချောင်းဖြူ၊ မုန်တောင်စသော မင်းဘူး(စကု) မြို့နယ်များမှ ကျေးရွာများအပြင် ပွင့်ဖြူမြို့နယ်မှ ကျေးရွာများကလည်း လာရောက် ရောင်းချလျက်ရှိ ကြသည်။ မင်းဘူးမြို့တွင် ပဲအမျိုးမျိုးနှင့် နှမ်း၊ နေကြာ၊ မြေပဲစသော ဆီထွက်သီးနှံများ ဝယ်ယူသော ပွဲရုံ (၅) ရုံရှိကာ တစ်နေ့လျှင် ပဲတီစိမ်းတင်းရေ ၁၀၀၀၀ ကျော် ဝင်ရောက် ရောင်းချလျက် ရှိသော်လည်း ဝယ်လိုအားကောင်းပြီး အရောင်း သွက်လျက် ရှိကြောင်း ပွဲရုံပိုင်ရှင်များထံမှ သိရသည်။
မင်းဘူးမြို့တွင် လက်ရှိ မိုးပဲတီစိမ်းဈေးမှာ ဈေးကောင်းပြီး တစ်တင်းလျှင် ကျပ် ၆၀၀၀၀ နှင့် အရည်အသွေး ကောင်းပါက ကျပ် ၆၅၀၀၀ ဝန်းကျင် ဈေးရှိကာ ဈေးကောင်း ရရှိသည့်အပြင် အထွက်နှုန်း ကောင်းမွန်ကြသောကြောင့် ပဲစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြ ကြောင်းလည်း သိရသည်။
ဇေယျာထက်(မင်းဘူး)