လိပ်သို ဇူလိုင် ၃၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်း သား/ကျောင်းသူများစာဖတ်ရှိန်မြင့်မားပြီး အသိပညာ တိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်/စာစောင် များကို အခမဲ့ငှါးရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီခွဲအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး စာအုပ် စာစောင်များကို အခမဲ့ ငှါးရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းတွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ကျောင်းသား/ကျောင်းသူလေးများအား အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးပြုကြရန်၊ ဗဟုသုတတိုးပွားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာအုပ်စာပေများကိုပါ လေ့လာဖတ်ရှုကြစေရန် စသည့်နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းပြောကြားပြီးနောက် တိုင်းရင်းသား ရုပ်ပုံပြစာအုပ်များ၊ ပုံပြင်စာအုပ်များနှင့် မဂ္ဂဇင်းစာအုပ်များကို အခမဲ့ ငှါးရမ်းပေးခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ ကျောင်းသူ လေးများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စာအုပ်စာစောင်များကို လက်ဝယ်အရောက် ငှါးရမ်းပေးခြင်းလုပ်ငန်းတို့အပြင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဒေသနေပြည်သူများ အသိပညာ ဗဟုသုတတိုးပွားစေရေးအတွက် Online မှတစ်ဆင့် Talk Showအစီအစဉ်များရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးခြင်းတို့ကိုလည်း ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)